ယော​ရှု 4:10-20 Judson Bible (BJB)

10. ယောရှုသည် မောရှေမှာထားသည်အတိုင်း၊ လူများတို့အား ဆင့်ဆိုစေခြင်းငှါ ထာဝရဘုရား မိန့်တော်မူသမျှတို့ကို အကုန်အစင်ပြုသည်တိုင်အောင် သေတ္တာ တော်ကိုထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ ယော်ဒန်မြစ်အလယ်၌ ရပ်နေကြ၏။ လူများတို့သည်လည်း ကြိုးစား၍ ကူးကြ၏။

11. လူများအပေါင်းတို့သည် အကုန်အစင်ကူးကြပြီးမှ၊ ထာဝရဘုရား၏ သေတ္တာတော်နှင့်တကွ ယဇ်ပုရောဟိတ်တို့သည် လူများမျက်မှောက်တွင် ကူးကြ၏။

12. ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသား၊ မနာရှေအမျိုးသားတဝက်တို့သည် မောရှေမှာခဲ့သည်အတိုင်း လက်နက်ကို စွဲကိုင်၍၊ ဣသရေလအမျိုးသားတို့ရှေ့မှာ ကူးသွားကြ၏။

13. ထိုအမျိုးသားတို့သည် အရေအတွက်အားဖြင့် လေးသောင်းခန့်မျှရှိ၍၊ စစ်တိုက်ခြင်းငှါ ပြင်ဆင်လျက် ထာဝရဘုရားရှေ့တော်၌ ယေရိခေါလွင်ပြင်သို့ ကူးသွားကြ၏။

14. ထိုနေ့၌ ထာဝရဘုရားသည် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ ယောရှုကို ချီးမြှင့်တော်မူ၍၊ သူတို့သည် မောရှေကို ကြောက်ရွံ့သကဲ့သို့ ယောရှုကိုလည်း သူ၏အသက်တည်သည်ကာလပတ်လုံးကြောက်ရွံ့ကြ၏။

15. တဖန်ထာဝရဘုရားက၊ သက်သေခံချက် သေတ္တာတော်ကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊

16. ယော်ဒန်မြစ်ထဲက တက်လာရမည်အကြောင်း၊ ဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း၊

17. ယော်ဒန်မြစ်ထဲက တက်လာကြလော့ဟု ယဇ်ပုရောဟိတ်တို့အား ယောရှုသည် ဆင့်ဆိုလေ၏။

18. ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာကိုထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ ယော်ဒန်မြစ်အလယ်ထဲက တက်လာ၍၊ ခြေဘဝါးတို့သည် ကုန်းကို နင်းမိကြ သောအခါ၊ ယော်ဒန်မြစ်ရေသည် မိမိနေရာသို့ ပြန်လာ၍၊ အရင်ကဲ့သို့ ကမ်းတရှောက်လုံးကို လျှံလျက်နေ၏။

19. ပဌမလ၊ ဒသမနေ့ရက်တွင်၊ လူများတို့သည် ယော်ဒန်မြစ်ထဲကတက်လာ၍၊ ယေရိခေါမြို့အရှေ့ဘက်နားမှာ၊ ဂိလဂါလအရပ်၌ တပ်ချကြ၏။

20. ယော်ဒန်မြစ်ထဲက ထုတ်ယူသော ကျောက်တဆယ်နှစ်လုံးကို ယောရှုသည် ဂိလဂါလအရပ်၌ စိုက်ထား၏။

ယော​ရှု 4