ယော​ရှု 3:6-17 Judson Bible (BJB)

6. တဖန် ယဇ်ပုရောဟိတ်တို့ကိုခေါ်၍ သင်တို့သည် ပဋိညာဉ်သေတ္တာတော်ကို ထမ်းလျက်၊ လူများရှေ့သို့ကူးသွားကြလော့ဟု ယောရှုဆိုသည့်အတိုင်း သူတို့သည် ပဋိညာဉ်သေတ္တာတော်ကိုထမ်း၍ လူများရှေ့သို့ သွားကြ၏။

7. ထာဝရဘုရားကလည်း၊ ယောရှုကိုခေါ်၍ ငါသည် မောရှေနှင့်အတူရှိသကဲ့သို့ သင်နှင့်အတူရှိသည်ကို ဣသရေလအမျိုးသားအပေါင်းတို့သည် သိကြမည် အကြောင်း၊ သူတို့မျက်မှောက်၌ သင့်ကို ယနေ့ ငါချီးမြှင့်စပြုမည်။

8. ပဋိညာဉ်သေတ္တာကိုထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ ယော်ဒန်မြစ်ရေနားသို့ ရောက်သောအခါ၊ ယော်ဒန်မြစ်၌ ရပ်နေရမည်အကြောင်းကို ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။

9. ယောရှုကလည်း၊ လာကြလော့။ သင်တို့ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်ကြလော့ဟု ဣသရေလအမျိုးသားအပေါင်းတို့ကို ခေါ်လျက်၊

10. အသက်ရှင်တော်မူသောဘုရားသခင်သည် သင်တို့တွင်ရှိ၍၊ သင်တို့ရှေ့မှ ခါနနိလူ၊ ဟိတ္တိလူ၊ ဟိဝိလူ၊ ဖေရဇိလူ၊ ဂိရဂါရှိလူ၊ အာမောရိလူ၊ ယေဗုသိလူတို့ကို စင်စစ်နှင်ထုတ်တော်မူမည်အကြောင်းကို အဘယ်သို့ သိရမည်နည်းဟူမူကား၊

11. မြေကြီးတပြင်လုံးကို အစိုးရတော်မူသော ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာသည် သင်တို့ရှေ့မှာ၊ ယော်ဒန်မြစ်ထဲသို့ကူးသွားလိမ့်မည်။

12. သို့ဖြစ်၍ ဣသရေလအမျိုးများထဲက တမျိုးတယောက်စီ၊ လူတဆယ်နှစ်ယောက်တို့ကို ရွေးကောက်ကြလော့။

13. မြေကြီးတပြင်လုံးကို အစိုးရတော်မူသော အရှင်ထာဝရဘုရား၏ သေတ္တာတော်ကိုထမ်းသော ယဇ်ပုရောဟိတ်ခြေဘဝါးတို့သည်၊ ယော်ဒန်မြစ်ရေကို နင်းသောခဏခြင်းတွင်၊ မြစ်ညာရေသည် ပြတ်၍ ပုံ့ပုံ့ကြွလျက်နေလိမ့်မည်ဟု ဆိုလေ၏။

14. လူများတို့သည် ယော်ဒန်မြစ်ကိုကူးအံ့သောငှါ၊ တဲတို့မှပြောင်း၍ ပဋိညာဉ်သေတ္တာကိုထမ်းသော ယဇ်ပုရောဟိတ်တို့သည် လူများရှေ့မှာသွားလျက်၊

15. ယော်ဒန်မြစ်နားသို့ရောက်၍ ခြေဘဝါးတို့သည် လျှံသောရေကိုနင်းသောအခါ၊ စပါးရိတ်ရာကာလ၌ ထိုမြစ်ရေသည် ကမ်းတရှောက်လုံးကို လျှံလေ့ရှိသော်လည်း၊

16. မြစ်ညာကစီးလာသောရေသည် တန့်ရပ်၍ ဝေးသောအရပ်၊ ဇာရတန်မြို့နားမှာရှိသော အာဒံမြို့တိုင်အောင် ပုံ့ပုံ့ကြွလျက်နေ၏။ လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်သို့စီးသွားသောရေသည်လည်း အကုန်အစင် ပြတ်၍၊ လူများတို့သည် ယေရိခေါမြို့သို့ ရှေ့ရှုကူးကြ၏။

17. လူများအပေါင်းတို့သည် ယော်ဒန်မြစ်တဘက်သို့ မရောက်မှီတိုင်အောင် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ မြစ် အလယ်တွင် မြေပေါ်၌ မြဲမြံစွာနင်း၍၊ ဣသရေလအမျိုးသားအပေါင်းတို့သည် မြေပေါ်၌ ရှောက်သွားရကြ၏။

ယော​ရှု 3