ယော​ရှု 24:9-15 Judson Bible (BJB)

9. မောဘရှင်ဘုရင် ဇိဖော်၏သားဗာလက်သည်ထ၍ ဣသရေလအမျိုးကို စစ်တိုက်သဖြင့်၊ သင်တို့ကို ကျိန်ဆဲစေခြင်းငှါ၊ ဗောရ၏သားဗာလမ်ကို ခေါ်သော အခါ၊

10. ဗာလမ်၏စကားကို ငါနားမထောင်သောကြောင့်၊ သူသည် အထပ်ထပ်ကောင်းကြီးပေး၍ သူ့လက်မှ သင်တို့ကို ငါကယ်လွှတ်လေ၏။

11. တဖန် သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ယေရိခေါမြို့သို့ ရောက်ကြသောအခါ၊ ယေရိခေါလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ခါနနိလူ၊ ဟိတ္တိလူ၊ ဂိရဂါရှိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့သည် သင်တို့ကိုစစ်တိုက်၍ သူတို့ကို သင်တို့လက်၌ ငါအပ်လေ၏။

12. သင်တို့၌ ထားနှင့် လေးမပါဘဲ၊ သင်တို့ရှေ့မှာ ပျားတူကို ငါစေလွှတ်၍၊ အာမောရိမင်းကြီးနှစ်ပါးကို သင်တို့ရှေ့မှ ငါနှင်ထုတ်လေ၏။

13. သင်တို့မလုပ်သောမြေ၊ မတည်သောမြို့တို့ကိုငါပေး၍ သင်တို့သည် နေရကြ၏။ ကိုယ်တိုင်မစိုက်သော စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်တို့ကို စားရကြသည်ဟု ထာဝရဘုရား အမိန့်တော်ရှိ၏။

14. ယခုမှာ ထာဝရဘုရားကို ကြောက်ရွံ့၍ ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်းနှင့်တကွ ဝတ်ပြုကြလော့။ မြစ်ကြီးတဘက်၌၎င်း၊ အဲဂုတ္တုပြည်၌၎င်း၊ ဘိုးဘေးတို့ဝတ်ပြုသော ဘုရားများကိုပယ်၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြလော့။

15. သို့မဟုတ် ထာဝရဘုရားအား ဝတ်မပြုကောင်းဟု သင်တို့ထင်လျှင်၊ မြစ်ကြီးတဘက်၌ ဘိုးဘေးတို့ဝတ်ပြုသောဘုရား၊ သင်တို့နေရာ အာမောရိပြည်သားတို့၏ဘုရားများတွင်၊ အဘယ်မည်သော ဘုရားတို့အား ဝတ်ပြု မည်အရာကို ယနေ့ ရွေးကြလော့။ ငါနှင့် ငါ့အိမ်သားဖြစ်လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်ဟု ဆိုလေသော်၊

ယော​ရှု 24