ယော​ရှု 22:6-19 Judson Bible (BJB)

6. ကောင်းကြီးပေး၍ လွှတ်လိုက်လေ၏။ သူတို့သည် ကိုယ်နေရာအိမ်သို့ သွားကြ၏။

7. မနာရှေအမျိုးတဝက်အား မောရှေသည် ဗာရှန်ပြည်၌ မြေကိုပေးနှင့်ပြီ။ အမျိုးတဝက်အား ယောရှုသည် ယော်ဒန်မြစ်အနောက်ဘက်၌ သူတို့ညီအစ်ကိုများနှင့် အတူ မြေကိုပေး၏။

8. ယောရှုကလည်း၊ သင်တို့သည် အလွန်ဥစ္စာရတတ်၍ များစွာသော တိရစ္ဆာန်၊ ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ အဝတ်တန်ဆာများတို့ကိုယူဆောင်လျက် သင်တို့နေရာအိမ်သို့ ပြန်သွားကြလော့။ ရန်သူတို့၌ လုယူ၍ရသောဥစ္စာကို သင်တို့ညီအစ်ကိုများ၌ ဝေဖန်ကြလော့ဟု မှာထားလျက်၊ ကောင်းကြီးပေး၍ သူတို့နေရာအိမ်သို့ လွှတ် လိုက်လေ၏။

9. ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့သည် ပိုင်ထိုက်သောမြေ၊ ဂိလဒ်ပြည်သို့ သွားခြင်းငှါ၊ ဣသရေလအမျိုးသားရှိရာ ခါနာန်ပြည်၊ ရှိလောမြို့မှ ထွက်သွားကြ၏။

10. ခါနာန်ပြည်၊ ယော်ဒန်မြစ်နားသို့ ရောက်သောအခါ၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့သည် ယော်ဒန်မြစ်နားမှာ ထင်ရှားစွာသော ယဇ်ပလ္လင်ကြီးကို တည်ကြ၏။

11. ထိုသို့ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့သည် ခါနာန်ပြည်တဘက်၊ ယော်ဒန်မြစ်နား၊ ဣသရေလအမျိုးသားကူးရာအရပ်၌ ယဇ်ပလ္လင်ကို တည်ကြပြီဟု ဣသရေလအမျိုးသားတို့သည် သိတင်းကြားကြ၏။

12. ထိုသိတင်းကို ကြားသောအခါ၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် စစ်ချီခြင်းငှါ၊ ရှိလောမြို့၌စည်းဝေးကြ၏။

13. ဣသရေလအမျိုးသားတို့သည်၊

14. ယဇ်ပုရောဟိတ်ဧလာဇာသား ဖိနဟတ်နှင့် တကွ၊ ဣသရေလအမျိုး အသီးအသီးတို့အထဲက ရွေးကောက်၍၊ လူတထောင်ကို အုပ်သော အဆွေအမျိုး သူကြီးဆယ်ပါးတို့ကို ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်ရှိရာ ဂိလဒ်ပြည်သို့ စေလွှတ်ကြ၏။

15. ထိုမင်းတို့သည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်ရှိရာ ဂိလဒ်ပြည်သို့ရောက်၍၊

16. ထာဝရဘုရား၏ပရိသတ်အပေါင်းတို့ မှာလိုက်သည်ကား၊ သင်တို့သည် ထာဝရဘုရားကို ယနေ့ပုန်ကန်၍ ယဇ်ပလ္လင်ကို တည်သဖြင့်၊ ထာဝရဘုရားနောက်တော်သို့ မလိုက်၊ ယနေ့လွှဲသွားခြင်းငှါ ဣသရေလအမျိုး၏ ဘုရားသခင်ကို ပြစ်မှားသောအပြစ်ကား အဘယ်သို့နည်း။

17. သင်တို့သည် ထာဝရဘုရားနောက်တော်သို့မလိုက် လွှဲသွားရမည်အကြောင်း၊ ပေဂုရအပြစ်သည် ငါတို့အဘို့မလောက်သလော။ ထာဝရဘုရား၏ ပရိသတ်တော်၌ ဘေးကြီးရောက်သော်လည်း၊ ယနေ့တိုင်အောင် ထိုအပြစ်မရှင်းလင်းသေး။

18. သင်တို့သည် ထာဝရဘုရားကို ယနေ့ပုန်ကန်၍ နက်ဖြန်နေ့ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ကို အမျက်ထွက်တော်မူမည်။

19. သို့သော်လည်း သင်တို့အပိုင်ရသောမြေသည် မစင်ကြယ်လျှင်၊ ထာဝရဘုရားအပိုင်ယူတော်မူ၍၊ တဲတော်ရှိရာမြေသို့ကူးသဖြင့် ငါတို့နှင့်အတူ အပိုင်ယူကြလော့။ ငါတို့ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်တော်မှတပါး၊ အခြားသောယဇ်ပလ္လင်ကို ကိုယ်အဘို့တည်၍ ထာဝရဘုရားကို မပုန်ကန်ကြနှင့်။ ငါတို့ကိုလည်း မပုန်ကန်ကြနှင့်။

ယော​ရှု 22