2. ထာဝရဘုရား၏ကျွန် မောရှေမှာထားသမျှ အတိုင်း၊ သင်တို့သည် ပြု၍၊ ငါမှာထားသမျှသော စကားကိုလည်း နားထောင်ကြပြီ။
3. ယနေ့တိုင်အောင် ကြာမြင့်စွာသောကာလပတ်လုံး သင်တို့သည် ညီအစ်ကိုများကို မစွန့်ဘဲနေ၍၊ သင်တို့ ဘုရားသခင် ထာဝရဘုရား စီရင်မှာထားတော်မူသမျှကို စောင့်ရှောက်ကြပြီ။
4. ယခုမှာ သင်တို့၏ဘုရားသခင် ထာဝရဘုရားဂတိတော်ရှိသည်အတိုင်း၊ ညီအစ်ကိုတို့အား ငြိမ်သက်ခြင်းအခွင့်ကို ပေးတော်မူသောကြောင့်၊ သင်တို့ပြန်၍ ကိုယ်နေရာအိမ်သို့၎င်း၊ ယော်ဒန်မြစ်တဘက်၌ ထာဝရဘုရား၏ကျွန် မောရှေပေးသည်အတိုင်း၊ ကိုယ်ပိုင်သောမြေသို့၎င်း သွားကြလော့။
5. သို့ရာတွင် ထာဝရဘုရား၏ကျွန် မောရှေမှာထားသော ပညတ်တရားအတိုင်း ကျင့်၍၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်ခြင်း၊ လမ်းတော်အလုံးစုံတို့၌ လိုက်သွားခြင်း၊ ပညတ်တော်တို့ကို စောင့်ရှောက်ခြင်း၊ ကိုယ်တော်၌ ဆည်းကပ်ခြင်း၊ အမှုတော်ကို ဆောင်ရွက်ခြင်းငှါ ကြိုးစား၍ သတိပြု ကြလော့ဟု မှာထားလျက်၊
6. ကောင်းကြီးပေး၍ လွှတ်လိုက်လေ၏။ သူတို့သည် ကိုယ်နေရာအိမ်သို့ သွားကြ၏။
7. မနာရှေအမျိုးတဝက်အား မောရှေသည် ဗာရှန်ပြည်၌ မြေကိုပေးနှင့်ပြီ။ အမျိုးတဝက်အား ယောရှုသည် ယော်ဒန်မြစ်အနောက်ဘက်၌ သူတို့ညီအစ်ကိုများနှင့် အတူ မြေကိုပေး၏။
8. ယောရှုကလည်း၊ သင်တို့သည် အလွန်ဥစ္စာရတတ်၍ များစွာသော တိရစ္ဆာန်၊ ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ အဝတ်တန်ဆာများတို့ကိုယူဆောင်လျက် သင်တို့နေရာအိမ်သို့ ပြန်သွားကြလော့။ ရန်သူတို့၌ လုယူ၍ရသောဥစ္စာကို သင်တို့ညီအစ်ကိုများ၌ ဝေဖန်ကြလော့ဟု မှာထားလျက်၊ ကောင်းကြီးပေး၍ သူတို့နေရာအိမ်သို့ လွှတ် လိုက်လေ၏။
9. ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့သည် ပိုင်ထိုက်သောမြေ၊ ဂိလဒ်ပြည်သို့ သွားခြင်းငှါ၊ ဣသရေလအမျိုးသားရှိရာ ခါနာန်ပြည်၊ ရှိလောမြို့မှ ထွက်သွားကြ၏။
10. ခါနာန်ပြည်၊ ယော်ဒန်မြစ်နားသို့ ရောက်သောအခါ၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့သည် ယော်ဒန်မြစ်နားမှာ ထင်ရှားစွာသော ယဇ်ပလ္လင်ကြီးကို တည်ကြ၏။
11. ထိုသို့ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့သည် ခါနာန်ပြည်တဘက်၊ ယော်ဒန်မြစ်နား၊ ဣသရေလအမျိုးသားကူးရာအရပ်၌ ယဇ်ပလ္လင်ကို တည်ကြပြီဟု ဣသရေလအမျိုးသားတို့သည် သိတင်းကြားကြ၏။
12. ထိုသိတင်းကို ကြားသောအခါ၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် စစ်ချီခြင်းငှါ၊ ရှိလောမြို့၌စည်းဝေးကြ၏။
13. ဣသရေလအမျိုးသားတို့သည်၊
14. ယဇ်ပုရောဟိတ်ဧလာဇာသား ဖိနဟတ်နှင့် တကွ၊ ဣသရေလအမျိုး အသီးအသီးတို့အထဲက ရွေးကောက်၍၊ လူတထောင်ကို အုပ်သော အဆွေအမျိုး သူကြီးဆယ်ပါးတို့ကို ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်ရှိရာ ဂိလဒ်ပြည်သို့ စေလွှတ်ကြ၏။