ယော​ရှု 2:9-22 Judson Bible (BJB)

9. ထာဝရဘုရားသည် သင်တို့အား ဤပြည်ကို ပေးတော်မူကြောင်းကို၎င်း၊ သင်တို့ကို ငါတို့ကြောက်လန့်အားကြီး၍ သင်တို့ကြောင့် ပြည်သူပြည်သားအပေါင်းတို့သည် စိတ်ပျက်ကြောင်းကို၎င်း ကျွန်မသိပါ၏။

10. သင်တို့သည် အဲဂုတ္တုပြည်မှထွက်လာသောအခါ၊ ဧဒုံပင်လယ်ရေကို ထာဝရဘုရား ခန်းခြောက်စေတော်မူကြောင်းကို၎င်း၊ ယော်ဒန်မြစ်တဘက်၌နေ၍ သင်တို့ ရှင်းရှင်းဖျက်ဆီးသော အာမောရိရှင်ဘုရင်ရှိဟုန်နှင့် ဩဃတို့၌ သင်တို့ပြုသောအမှုကို၎င်း၊ အကျွန်ုပ်တို့ကြားရကြပြီ။

11. ထိုသိတင်းကိုကြားသောအခါ၊ အကျွန်ုပ်တို့သည် စိတ်ပျက်၍ သင်တို့ကြောင့် တစုံတယောက်သောသူ၌မျှ ရဲရင့်ခြင်းသတ္တိ အလျှင်းမကျန်ကြွင်းပါ။ အကြောင်းမူ ကား၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အထက်ကောင်းကင်ဘုံ၌၎င်း၊ အောက်အရပ်မြေကြီး၌၎င်း၊ အစိုးရသော ဘုရားသခင်ဖြစ်တော်မူ၏။

12. သို့ဖြစ်၍ သင်တို့၌ ကျွန်မသည် ကျေးဇူးပြုသောကြောင့် သင်တို့သည် ကျွန်မပေါက်ဘော်တို့၌ ကျေးဇူးပြု၍၊

13. ကျွန်မမိဘ၊ ညီအစ်မ၊ မောင်အစရှိသော သူတို့နှင့်ဆိုင်သမျှသော သူတို့ကို မသတ်ဘဲ အသက်ချမ်းသာပေးမည်ဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုကြပါ။ မှန်သောလက္ခဏာသက်သေကိုလည်း ပေးခဲ့ကြပါဟုဆိုလျှင်၊

14. ထိုသူတို့က၊ သင်သည် ငါတို့အမှုကို မဘော်မပြလျှင် သင့်အသက်အတွက် ငါတို့အသက်သည် အာမခံဖြစ်စေတော့။ ဤပြည်ကို ထာဝရဘုရားပေးတော်မူသော အခါ၊ သင်၌သစ္စာစောင့်၍ ကျေးဇူးပြုမည်ဟု ဝန်ခံကြ၏။

15. ထိုမိန်းမနေရာအိမ်သည် မြို့ရိုးနားမှာရှိသောကြောင့်၊ ထိုသူတို့ကို ပြတင်းပေါက်ကကြိုးနှင့် လျှော့ချလျက်၊

16. သင်တို့သည် လိုက်၍ရှာသောသူတို့နှင့် လွတ်မည်အကြောင်း တောင်ပေါ်သို့ပြေး၍ သုံးရက်ပုန်းနေကြပါ။ ရှာသောသူတို့သည် ပြန်သောနောက်မှ သွားကြပါဟု ဆိုလျှင်၊

17. ထိုသူတို့က၊ သင်သည် ကျိန်ဆိုစေသောအကျိန်ကြောင့်၊ ငါတို့၌ အပြစ်မရောက်ပါစေနှင့်။

18. ဤပြည်သို့ ငါတို့ရောက်လာသောအခါ၊ ယခုလျှော့ချသော ပြတင်းပေါက်၌ ဤကြိုးနီကို ချည်ထား၍၊ သင့်မိဘ၊ သင့်မောင်များနှင့် ပေါက်ဘော်များအပေါင်းတို့ကို သင့်အိမ်၌ ခေါ်ထားရမည်။

19. ထိုအခါ သင့်အိမ်ထဲက လမ်းသို့ထွက်သွားသော သူမည်သည်ကား၊ သေလျှင်သေပြစ်ကို ကိုယ်တိုင်ခံစေ၊ ငါတို့သည် အပြစ်လွတ်စေ။ သင့်အိမ်၌ ရှိသောသူမည်သည်ကို အသေသတ်လျှင် သေပြစ်ကို ငါတို့သည် ခံစေ။

20. ငါတို့အမှုကိုလည်း သင်သည် ဘော်ပြလျှင်၊ သင်ယခုကျိန်ဆိုစေသော အကျိန်နှင့် ငါတို့သည် လွတ်စေဟုဆိုလျှင်၊

21. မိန်းမက၊ သင်တို့စကားရှိသည်အတိုင်း ဖြစ်ပါစေတော့ဟု ဝန်ခံလျက် လွှတ်လိုက်၍ သူတို့သည် သွားကြ၏။ မိန်းမသည်လည်း ထိုကြေးနီကို ပြတင်းပေါက်၌ ချည်ထားလေ၏။

22. ထိုသူတို့သည် တောင်ပေါ်သို့ရောက်အောင်သွား၍ လိုက်ရှာသောသူတို့ မပြန်မှီတိုင်အောင် သုံးရက်နေကြ၏။ ရှာသောသူတို့သည်လည်း လမ်းတရှောက်လုံး ရှာ၍ မတွေ့ကြ။

ယော​ရှု 2