1. ယောသပ်အမျိုးသားတို့သည် စာရေးတံပြု၍ အမွေခံရသောမြေ အပိုင်းအခြားသည်ယော်ဒန်မြစ်နား၊ ယေရိခေါမြို့အရှေ့၊ ယေရိခေါအိုင်မှထွက်၍ တောလမ်းသို့ လိုက်လျက်၊ ဗေသလတောင်တရှောက်လုံးသွားသဖြင့်၊
2. ဗေသလလုဇမြို့သို့၎င်း၊ အာခိအတရုတ် မြို့သို့ ၎င်း၊
3. အနောက်မျက်နှာ၌ ယာဖလေတိမြို့သို့၎င်း၊ အောက်ဗက်ဟောရုန်မြို့သို့၎င်း၊ ဂေဇာမြို့သို့၎င်း ရောက်၍ ပင်လယ်၌ဆုံးလေ၏။
4. ထိုသို့ ယောသပ်၏သား မနာရှေနှင့် ဧဖရိမ်တို့သည် အမွေခံရကြ၏။
5. ဧဖရိမ်အမျိုးသားတို့သည် အဆွေအမျိုးအလိုက်နေသော မြေအပိုင်းအခြားသည်၊ အရှေ့ဘက်၌ အတရုတ်အဒ္ဒါမြို့မှ အထက်ဗက်ဟောရုန်မြို့သို့ လိုက်၍၊
6. မြောက်မျက်နှာ၌ ပင်လယ်နား၊ မိတ်မေသမြို့သို့ထွက်၏။ တဖန် အရှေ့သို့ မျက်နှာပြု၍ တာနတ်ရှိလောမြို့အရှေ့မှာ ရှောက်လျက်၊
7. ယနောဟမြို့သို့၎င်း၊ ယနောဟမြို့မှ အတရုတ်မြို့၊ နာရတ်မြို့၊ ယေရိခေါမြို့သို့၎င်း ရောက်၍ ယော်ဒန်မြစ်၌ ဆုံးလေ၏။
8. တာပွါမြို့မှအနောက်သို့သွား၍ ကာနမြစ်သို့လိုက်လျက် ပင်လယ်၌ ဆုံးလေ၏။
9. ဤရွေ့ကား၊ မနာရှေအမျိုးသားတို့အဘို့ အမွေခံရသောမြေ၌ ဧဖရိမ်အမျိုးသားတို့အဘို့ ခွဲထားသောမြို့များနှင့်တကွ ဧဖရိမ်အမျိုးသား အဆွေအမျိုးအလိုက် အမွေခံရသောမြို့ရွာများဖြစ်သတည်း။
10. ဂေဇာမြို့၌နေသော ခါနနိလူတို့ကို မနှင်ထုတ်ဘဲ သူတို့သည် ယနေ့တိုင်အောင် ဧဖရိမ်အမျိုးသားတို့နှင့် အတူနေ၍ အခွန်ပေးရကြ၏။