10. ဗာလာမြို့အနောက်ဘက်နားမှာ ရှောက်လျက် စိရတောင်သို့၎င်း၊ ခေသလုန်တောင်တည်းဟူသော ယာရိမ်တောင်မြောက်ဘက်နားမှာ ရှောက်လျက် ဗက်ရှေမက်မြို့၊ တိမနာမြို့သို့၎င်း၊
11. ဧကြုန်မြို့မြောက်ဘက်နားမှာရှောက်လျက် ရှိကြုန်ရွာသို့၎င်း၊ ဗာလာတောင်သို့၎င်း၊ ယာဗနေလရွာသို့၎င်း၊ ရောက်၍ ပင်လယ်၌ဆုံးလေ၏။
12. အနောက်ဘက်၌ ပင်လယ်ကြီးနှင့် ပင်လယ်ကမ်းပါးသည် အနောက်အပိုင်းအခြားဖြစ်၏။ ဤရွေ့ကား ယုဒအမျိုးသား အဆွေအမျိုးအလိုက် နေရာပြည် နယ်အပိုင်းအခြားဖြစ်သတည်း။
13. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ယောရှုသည် ယုဒအမျိုးသားတို့တွင် ယေဖုန္န၏သား ကာလက်အဘို့ ဟေဗြုန်မြို့တည်းဟူသော အာနကအဘအာဘ၏မြို့ကို ချပေးလေ၏။
14. ထိုမြို့ထဲက ကာလက်သည် အာနကသားသုံးယောက်၊ ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကို နှင်ထုတ်သောနောက်၊
15. ကိရယဿေဖာအမည်ဟောင်းရှိသော ဒေဗိရမြို့သားတို့ရှိရာသို့ တဖန်ချီသွား၍၊
16. ကိရယဿေဖာမြို့ကို တိုက်ယူလုပ်ကြံသောသူအား ငါသည်သမီးအာခသကို ပေးစားမည်ဟုဆိုလျှင်၊
17. ကာလက်ညီ ကေနတ်၏သားဩသံယေလသည် ထိုမြို့ကိုတိုက်ယူ၍ ကာလက်သည် သမီးအာခသကို သူ့အားပေးစားလေ၏။
18. ထိုမိန်းမသည် ခရီးသွားစဉ်အခါ၊ လယ်တကွက်ကို အဘ၌တောင်းခြင်းငှါ လင်နှင့် တိုင်ပင်ပြီးမှ မြည်းပေါ်ကဆင်းလေ၏။ အဘကာလက်က အဘယ်အလိုရှိသနည်းဟု မေးလျှင်၊
19. သမီးက ကောင်းကြီးပေးစေချင်ပါ၏။ ကိုယ်တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ။ စမ်းရေတွင်းတို့ကိုလည်း ပေးတော်မူပါဦးဟု တောင်းသည်အတိုင်း အဘသည် အထက်စမ်းရေတွင်း၊ အောက်စမ်းရေတွင်းတို့ကို ပေးလေ၏။