1. ယုဒအမျိုးသားတို့သည် စာရေးတံပြု၍ အဆွေ အမျိုးအလိုက် အမွေခံရသောမြေဟူမူကား၊ တောင်မျက်နှာ၌ ဧဒုံပြည်နယ်နှင့် နီးစပ်လျက်၊ တေမန်ပြည်စွန်းမှစ၍ ဇိနတောဖြစ်သော၊
2. တောင်ဘက်အပိုင်းအခြားသည် သောဒုံအိုင်၌တောင်အကွေ့မှထွက်၍၊
3. တောင်မျက်နှာနား၊ အကရဗ္ဗိမ်ကုန်းကိုရှောက်လျက် ဇိနရွာသို့ ရောက်လေ၏။ တဖန် တောင်မျက်နှာနား၊ ကာဒေရှဗာနာရွာ၊ ဟေဇရုန်ရွာ၊ အာဒါရွာ၊ ကာကာရွာ၊
4. အဇမုန်ရွာကိုရှောက်သဖြင့် အဲဂုတ္တုချောင်းသို့လိုက်၍ ပင်လယ်၌ ဆုံးလေ၏။
5. အရှေ့ဘက်၌ သောဒုံအိုင်သည် ယော်ဒန်မြစ်ဝတိုင်အောင် အရှေ့အပိုင်းအခြားဖြစ်၏။ မြောက်ဘက်အပိုင်းအခြားသည် ယော်ဒန်မြစ်သို့ဆင်းရာ သောဒုံအိုင်ကွေ့မှ ထွက်၍၊
6. ဗေသောဂလရွာသို့၎င်း၊ ဗေသရာဗရွာ မြောက်နားမှာရှောက်လျက် ရုဗင်သားဗောဟန်၏ကျောက်သို့ ၎င်း ရောက်လေ၏။
7. အာခေါ်ချိုင့်မြောက်ဘက်မှထွက်၍ ဒေဗိရရွာသို့၎င်း၊ မြစ်တောင်ဘက် အဒုမ္မိမ်ကုန်းရှေ့၌ရှိသော ဂိလဂါလမြို့သို့၎င်း ရောက်ပြီးမှ၊ အင်ရှေမက်အိုင်၊ အင်္ရော ဂေလရွာလမ်းသို့ လိုက်လျက်၊
8. ဟိန္နုံသား၏ချိုင့်နား ယေရုရှလင်မြို့ရာ ယေဗုသိအရပ် တောင်ဘက်နားမှာရှောက်၍ ဟိန္နုံချိုင့်အနောက်၊ ရေဖိမ်ချိုင့်မြောက်ဘက်၌ရှိသော တောင်ပေါ်သို့ တက်လေ၏။
9. ထိုတောင်ပေါ်မှဆင်းပြန်၍၊ နေဖတောစမ်းရေတွင်းကို ရှောက်သဖြင့် ဧဖရုန်တောင်နှင့်ဆိုင်သော မြို့များသို့၎င်း၊ ကိရယတ်ယာရိမ်မြို့ ရာဗာလာမြို့သို့၎င်း၊
10. ဗာလာမြို့အနောက်ဘက်နားမှာ ရှောက်လျက် စိရတောင်သို့၎င်း၊ ခေသလုန်တောင်တည်းဟူသော ယာရိမ်တောင်မြောက်ဘက်နားမှာ ရှောက်လျက် ဗက်ရှေမက်မြို့၊ တိမနာမြို့သို့၎င်း၊
11. ဧကြုန်မြို့မြောက်ဘက်နားမှာရှောက်လျက် ရှိကြုန်ရွာသို့၎င်း၊ ဗာလာတောင်သို့၎င်း၊ ယာဗနေလရွာသို့၎င်း၊ ရောက်၍ ပင်လယ်၌ဆုံးလေ၏။
12. အနောက်ဘက်၌ ပင်လယ်ကြီးနှင့် ပင်လယ်ကမ်းပါးသည် အနောက်အပိုင်းအခြားဖြစ်၏။ ဤရွေ့ကား ယုဒအမျိုးသား အဆွေအမျိုးအလိုက် နေရာပြည် နယ်အပိုင်းအခြားဖြစ်သတည်း။
13. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ယောရှုသည် ယုဒအမျိုးသားတို့တွင် ယေဖုန္န၏သား ကာလက်အဘို့ ဟေဗြုန်မြို့တည်းဟူသော အာနကအဘအာဘ၏မြို့ကို ချပေးလေ၏။