5. ထိုမင်းကြီးအပေါင်းတို့သည်စည်းဝေးလျက်၊ ဣသရေလအမျိုးကို တိုက်ခြင်းငှါ ချီလာ၍၊ မေရုံအိုင်နားမှာ တစုတည်း တပ်ချလျက်နေကြ၏။
6. ထာဝရဘုရားကလည်း၊ သူတို့ကို မကြောက်နှင့်။ ငါသည် နက်ဖြန်နေ့ ယခုအချိန်၌ ဣသရေလအမျိုးရှေ့မှာ၊ ထိုသူအပေါင်းတို့ကို အသေအပ်မည်။ မြင်းတို့၏ ခြေကြောကိုဖြတ်ရမည်။ ရထားတို့ကို မီးရှို့ရမည်ဟု ယောရှုအား မိန့်တော်မူ၏။
7. ယောရှုသည်လည်း၊ မိမိစစ်သူရဲအပေါင်းတို့နှင့် တကွ မေရုံအိုင်နားသို့ အမှတ်တမဲ့ စစ်ချီ၍တိုက်လေ၏။
8. ထာဝရဘုရားသည် သူတို့ကို ဣသရေလအမျိုးသားတို့လက်၌ အပ်တော်မူသဖြင့်၊ သူတို့ကိုလုပ်ကြံ၍ ဇိဒုန်ရဗ္ဗာမြို့၊ မိသရဖောသမိမ်မြို့ အရှေ့မျက်နှာ မိဇပါချိုင့်တိုင်အောင်လိုက်၍ တယောက်ကိုမျှ မကျန်ကြွင်းစေခြင်းငှါ လုပ်ကြံကြ၏။
9. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ယောရှုသည် မြင်းတို့၏ ခြေကြောကိုဖြတ်၍ ရထားတို့ကို မီးရှို့လေ၏။
10. ထိုအခါ ယောရှုသည်ပြန်၍ ဟာဇော်မြို့ကို တိုက်ယူသဖြင့်၊ မင်းကြီးကို ထားနှင့် ကွပ်မျက်လေ၏။ ရှေးကာလ၌ ဟာဇော်မြို့သည် ထိုပြည်များတို့ကို အုပ်စိုးရသတည်း။
11. ထိုမြို့သူမြို့သားအပေါင်းတို့ကို ထားနှင့် ကွပ်မျက်သဖြင့် တယောက်ကိုမျှ အသက်ရှင်စေခြင်းငှါမထား။ ရှင်းရှင်းဖျက်ဆီး၍ မြို့ကိုလည်းမီးရှို့လေ၏။
12. ထာဝရဘုရား၏ကျွန် မောရှေမှာထားသည်အတိုင်း၊ ထိုမင်းကြီးများအစိုးရသော မြို့ရှိသမျှတို့နှင့် မင်းကြီးအပေါင်းတို့ကိုယောရှုတိုက်ယူ၍ ထားနှင့် လုပ်ကြံသဖြင့် ရှင်းရှင်းဖျက်ဆီးလေ၏။
13. သို့ရာတွင်၊ ဟာဇော်မြို့မှတပါး၊ တောင်ပေါ်၌တည်သောမြို့တို့ကို ဣသရေလလူတို့သည် မီးမရှို့ကြ။ ဟာဇော်မြို့တမြို့ကိုသာ ယောရှုမီးရှို့သတည်း။
14. ထိုမြို့များ၌လက်ရဥစ္စာနှင့် တိရစ္ဆာန်ရှိသမျှတို့ကို ဣသရေလလူတို့သည် ကိုယ်အဘို့သိမ်းယူကြ၏။ လူတို့ကို မဖျက်ဆီးမှီတိုင်အောင် ရှိသမျှတို့ကို ထားနှင့် လုပ်ကြံကြ၏။ တယောက်ကိုမျှ အရှင်မကျန်ကြွင်းစေကြ။
15. ထာဝရဘုရားသည် မိမိကျွန်မောရှေကို မှာထားတော်မူသည်အတိုင်း၊ မောရှေသည် ယောရှုကို ဆင့်ဆို၏။ ယောရှုလည်း ထိုသို့ ပြုလေ၏။ ထာဝရဘုရားသည် မောရှေကိုမှာထားတော်မူသမျှသောအမှု တစုံတခုကို လှပ်၍မထား။