25. ယောရှုကလည်း သင်တို့တိုက်ရသောရန်သူအပေါင်းတို့ကို ထာဝရဘုရားသည် ဤကဲ့သို့ပြုတော်မူမည်ဖြစ်၍ မကြောက်ကြနှင့်၊ စိတ်မပျက်ကြနှင့်။ အားယူ၍ ရဲရင့်ခြင်းရှိကြလော့ဟု ဆိုပြီးမှ၊
26. ထိုမင်းကြီးတို့ကို ထားနှင့်ကွပ်မျက်၍ သစ်ပင်ငါးပင်တို့၌ ဆွဲထားလေ၏။ ညဦးတိုင်အောင် သစ်ပင်၌ဆွဲထားပြီးမှ၊
27. နေဝင်ချိန်ရောက်သောအခါ၊ ယောရှုစီရင်သည်အတိုင်း သစ်ပင်မှချပြီးလျှင်၊ သူတို့ပုန်းလျက်နေရာ လိုင်ခေါင်း၌ပစ်ထား၍၊ လိုင်ခေါင်းဝပေါ်မှာ ကြီးစွာသော ကျောက်တို့ကို စုံပုံကြ၏။ ထိုကျောက်ပုံသည် ယနေ့တိုင်အောင်ရှိ၏။
28. ထိုနေ့၌ ယောရှုသည် မက္ကဒါမြို့ကိုတိုက်ယူ၍ မြို့နှင့် မင်းကြီးကို ထားနှင့်လုပ်ကြံပြီးလျှင်၊ မင်းကြီးနှင့် တကွ မြို့သားအပေါင်းတို့ကို တယောက်မျှ မကျန်ကြွင်းရဘဲ ရှင်းရှင်းဖျက်ဆီးလေ၏။ ယေရိခေါမင်းကြီးကို ပြုသကဲ့သို့ မက္ကဒါမင်းကြီးကို ပြုသတည်း။
29. ထိုနောက် ယောရှုသည်၊ ဣသရေလလူအပေါင်းတို့နှင့်တကွ၊ မက္ကဒါမြို့မှ လိဗနမြို့သို့ချီသွား၍ တိုက်သဖြင့်၊
30. ထာဝရဘုရားသည် ထိုမြို့နှင့် မင်းကြီးကို ဣသရေလလူတို့လက်၌ အပ်တော်မူ၍၊ မြို့နှင့် မြို့သားအပေါင်းတို့ကို တယောက်မျှမကျန်ကြွင်းရဘဲ ထားနှင့်လုပ်ကြံ၍၊ ယေရိခေါမင်းကြီးကို ပြုသကဲ့သို့ ထိုမင်းကြီးကို ပြုကြ၏။