ယောဘဝတ္တု။ 9:7-17 Judson Bible (BJB)

7. နေကိုမှာထားတော်မူ၍ သူသည်မထွက်ရ။ ကြယ်တို့ကိုလည်း ကွယ်ထားတော်မူ၏။

8. မိုဃ်းကောင်းကင်ကို ကိုယ်တော်တပါးတည်း ဖြန့်မိုးတော်မူ၏။ သမုဒ္ဒရာလှိုင်းတံပိုးကို နင်းတော်မူ၏။

9. အာရှကြယ်၊ ခသိလကြယ်၊ ခိမကြယ်စုမှစ၍ တောင်မျက်နှာ ကြယ်တိုက်တို့ကို ဖန်ဆင်းတော်မူ၏။

10. စစ်၍မသိနိုင်အောင် အလွန်ကြီးသောအမှု၊ မရေတွက်နိုင်အောင်များ၍ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူ၏။

11. ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကိုငါမမြင်ရ။ ရှောက်သွားတော်မူ၍ ကိုယ်တော်ကိုငါမရိပ်မိရ။

12. သိမ်းယူတော်မူသောအခါ အဘယ်သူသည် ဆီးတားနိုင်သနည်း။ ကိုယ်တော်သည်အဘယ်သို့ ပြုသနည်းဟု အဘယ်သူဆိုဝံ့သနည်း။

13. ဘုရားသခင်သည် အမျက်ပြေတော်မမူလျှင်၊ မာနကြီး၍ အားပေးသောသူတို့သည် ရှေ့တော်၌ နှိမ့်ချခြင်းကို ခံရကြ၏။

14. ထိုမျှမက ငါသည်အဘယ်သို့ ပြန်လျှောက်ရအံ့နည်း။ ရှေ့တော်၌ အဘယ်သို့သောစကားကို ရွေး၍လျှောက်ရအံ့နည်း။

15. ငါသည် ဖြောင့်မတ်သော်လည်း ပြန်၍ မလျှောက်ဝံ့ဘဲ၊ တရားမှုကို ဆုံးဖြတ်တော်မူသောအရှင်ကို တောင်းပန်ရုံမျှသာပြုရ၏။

16. ငါခေါ်၍ အရှင်သည်ထူးတော်မူသော်လည်း၊ ငါ့စကားကို နားထောင်တော်မူမည်ဟု ငါမယုံနိုင်။

17. အကြောင်းမူကား၊ မိုဃ်းသက်မုန်တိုင်းဖြင့် ငါ့ကို ညှဉ်းဆဲ၍၊ အကြောင်းမရှိဘဲငါ၌ အနာတို့ကို များပြားစေတော်မူ၏။

ယောဘဝတ္တု။ 9