ယောဘဝတ္တု။ 41:12-22 Judson Bible (BJB)

12. လဝိသန်၏အင်္ဂါများ၊ ခွန်အား၊ တင့်တယ်သောတန်ဆာတို့ကို ငါသည် ဝှက်၍မထား။

13. သူ၏အဝတ်ကို အဘယ်သူလှန်နိုင်သနည်း။ နှစ်ထပ်ရှိသော ပါးရိုးကို အဘယ်သူချဉ်းကပ်လိမ့်မည်နည်း။

14. သူ၏မျက်နှာတံခါးကို အဘယ်သူဖွင့်လိမ့်မည်နည်း။ သူ၏ သွားတန်းတို့သည် ကြောက်မက်ဘွယ်ဖြစ်ကြ၏။

15. လုံခြုံစွာတံဆိပ်ခတ်သကဲ့သို့ တချပ်နှင့် တချပ် ပူးကပ်သောအကြေးများနှင့် ဝါကြွားတတ်၏။

16. လေမျှမဝင်နိုင်အောင် တချပ်နှင့် တချပ်ပူးကပ်လျက်ရှိကြ၏။

17. တချပ်နှင့် တချပ်မခွါနိုင်အောင် တခဲနက်ရှက်တင်လျက်ရှိကြ၏။

18. သူချေဆတ်သောအခါ အလင်းတောက်တတ်၏။ သူ့မျက်စိသည် နံနက်မျက်တောင်ခတ်သကဲ့သို့ ဖြစ်၏။

19. ပစပ်ထဲက မီးရှူးထွက်၍ မီးပွါးတို့လည်း လွင့်ကြ၏။

20. ကြွက်ကြွက်ဆူသော အိုးကင်းထဲက အခိုးအငွေ့တက်သကဲ့သို့ သူ့နှာခေါင်းထဲက အခိုးအငွေ့တက်တတ်၏။

21. အသက်ရှူသောအခါ မီးခဲတောက်၍ ပစပ်ထဲက မီးလျှံထွက်တတ်၏။

22. လည်ပင်း၌ တန်ခိုးနေတတ်၏။ သူ့ရှေ့မှာ ကြောက်လန့်ခြင်းသည် ကခုန်တတ်၏။

ယောဘဝတ္တု။ 41