8. သင်သည် ငါတရားစီရင်ချက်ကို ပယ်မည်လော။ သင်သည် ကိုယ်တိုင်ဖြောင့်မတ်ဟန်ရှိစေခြင်းငှါ၊ ငါ့ကိုအပြစ်ရှိသည်ဟု စီရင်မည်လော။
9. သင်သည် ဘုရားသခင်၏လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏အသံကဲ့သို့သော အသံနှင့် မိုဃ်းချုန်းနိုင်သလော။
10. ထူးဆန်းသော ဘုန်းတန်ခိုးအာနုဘော်ကို ဝတ်ဆောင်လော့။ တင့်တယ်သောဂုဏ်အသရေနှင့် တန်ဆာဆင်လော့။
11. သင်၏အမျက်အရှိန်ကိုလွှတ်လော့။ မာန ထောင်လွှားသောသူအပေါင်းတို့ကို ကြည့်ရှု၍ နှိမ့်ချလော့။
12. မာနထောင်လွှားသောသူအပေါင်းတို့ကို ကြည့်ရှု၍ ရှုတ်ချလော့။ အဓမ္မလူတို့ကိုနှိပ်နင်း၍၊
13. သူတို့ကိုမြေမှုန့်၌ တစုတည်း ဝှက်ထားလော့။ သူတို့မျက်နှာများကို မှောင်မိုက်၌ ဖုံးအုပ်လော့။
14. သို့ပြုလျှင် သင်၏လက်ျာလက်ရုံးသည် သင့်ကိုကယ်တင်နိုင်သည်ဟု ငါဝန်ခံမည်။
15. သင်နှင့်အတူ ငါဖန်ဆင်းသော ဗေဟမုတ်ခြင်းကို ကြည့်ရှုလော့။ နွားကဲ့သို့ မြက်ကို စားတတ်၏။
16. သူ၏တန်ခိုးသည် ခါး၌၎င်း၊ သူ၏ခွန်အားသည် ဝမ်းကြော၌၎င်း တည်လျက်ရှိ၏။
17. သူ့အမြီးသည် အာရဇ်ပင်ကဲ့သို့ လှုပ်တတ်၏။ ပေါင်ကြောတို့သည် အထပ်ထပ်ရှိကြ၏။
18. အရိုးငယ်တို့သည် ကြေးဝါချောင်း၊ အရိုးကြီးတို့သည် သံတုံးကဲ့သို့ဖြစ်ကြ၏။
19. ဘုရားသခင်ဖန်ဆင်းသောသတ္တဝါတို့တွင် ထူးဆန်းသော သတ္တဝါဖြစ်၏။ သူ့ကိုဖန်ဆင်းသောဘုရားသာလျှင် သူ၏တံစဉ်ကိုပေးပြီ။
20. မြေတိရစ္ဆာန်အပေါင်းတို့ ကစားရာတောင်ရိုးသည် သူ၏ကျက်စားရာအရပ်ဖြစ်၏။
21. အရိပ်ကောင်းသော အပင်အောက်၊ ကျူပင် ချုံဖုတ်အောက်၊ ရေများသောအရပ်၌ နေတတ်၏။
22. ထိုအပင်တို့သည် အရိပ်နှင့်လွှမ်းမိုး၍ ချောင်းနားမိုဃ်းမခပင်တို့သည် ဝိုင်းကြ၏။
23. မြစ်ရေထသော်လည်း သူသည်မပြေးတတ်။ သူ၏ခံတွင်းကို ယော်ဒန်မြစ်ရေဝှေ့တိုက်သော်လည်း မတုန်မလှုပ်ဘဲ နေတတ်၏။