ယောဘဝတ္တု။ 40:1-9 Judson Bible (BJB)

1. တဖန်ထာဝရဘုရားက၊ အနန္တတန်ခိုးရှင်ကိုဆုံးမသောသူသည် ဆန့်ကျင်ဘက်ပြုဦးမလော။

2. ဘုရားသခင်ကို အပြစ်တင်သောသူသည် ပြန်ပြောစေတော့ဟု ယောဘအားမိန့်တော်မူလျှင်၊

3. ယောဘက အကျွန်ုပ်သည် ဆိုးယုတ်ပါ၏။

4. ကိုယ်တော်အား အဘယ်သို့ ပြန်လျှောက်ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်နှုတ်ကို ကိုယ်လက်နှင့် ပိတ်ပါမည်။

5. တကြိမ်ပြောမိပါပြီ။ တဖန်မပြောဝံ့ပါ။ နှစ်ကြိမ်တိုင်အောင် ပြောမိပါပြီ။ သို့ရာတွင် ထပ်၍မပြောဝံ့ပါဟု ထာဝရဘုရားအား ပြန်၍လျှောက်လေ၏။

6. တဖန်ထာဝရဘုရားသည် မိုဃ်းသက်မုန်တိုင်းထဲက ယောဘအား မိန့်တော်မူသည်ကား၊

7. လူယောက်ျားကဲ့သို့ သင်၏ခါးကိုစည်းလော့။ ငါမေးမြန်း သောပြဿနာတို့ကို ဖြေလော့။

8. သင်သည် ငါတရားစီရင်ချက်ကို ပယ်မည်လော။ သင်သည် ကိုယ်တိုင်ဖြောင့်မတ်ဟန်ရှိစေခြင်းငှါ၊ ငါ့ကိုအပြစ်ရှိသည်ဟု စီရင်မည်လော။

9. သင်သည် ဘုရားသခင်၏လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏အသံကဲ့သို့သော အသံနှင့် မိုဃ်းချုန်းနိုင်သလော။

ယောဘဝတ္တု။ 40