5. တောမြည်းကို အဆီးအတားမရှိစေခြင်းငှါ အဘယ်သူလွှတ်သနည်း။ တောမြင်း၌ချည်နှောင်ခြင်းကို အဘယ်သူဖြေသနည်း။
6. တောကို သူ့အိမ်ဘို့၎င်း၊ လွင်ပြင်ကိုသူ့နေရာဘို့၎င်း ငါခန့်ထားပြီ။
7. မြို့၌ဖြစ်သောလူတို့၏အသံဗလံကို သူသည် မထီမဲ့မြင်ပြုတတ်၏။ နှင်သောသူအော်ဟစ်နှိုးဆော်သံကို မမှတ်တတ်။
8. တောင်ရိုး၌ ကျက်စား၍၊ စိမ်းသောအပင်အမျိုးမျိုးကို ရှာတတ်၏။
9. ကြံ့သည် သင်၏အမှုကိုဆောင်ရွက်၍၊ သင်၏တင်းကုပ်၌ နေခြင်းငှါ အလိုရှိလိမ့်မည်လော။
10. ကြံ့ကိုထွန်ကြောင်းသို့ လိုက်စေခြင်းငှါ ကြိုးနှင့် ချည်နိုင်သလော။ သို့မဟုတ်သင့်နောက်သို့လိုက်၍ ချိုင့်၌ လယ်ထွန်လိမ့်မည်လော။
11. ကြံ့သည်အားကြီးသောကြောင့် သူ့ကိုယုံမည်လော။ သင်လုပ်ရသော အလုပ်ကိုသူ၌ အပ်မည်လော။
12. သင်၏စပါးကိုဆောင်ခဲ့၍ စပါးကျီ၌ စုသိမ်းလိမ့်မည်ဟု ယုံသလော။
13. ကုလားအုပ်ငှက်သည် အတောင်ခတ်လျက် နေတတ်၏။ တောငန်းသည် အမွေးအတောင်နှင့် ပြည့်စုံ၏။
14. သို့သော်လည်း မြေ၌ဥ၍ အဥတို့ကို မြေမှုန့်၌ နွေးစေတတ်၏။
15. သူ့ခြေသည်အဥတို့ကို နင်းမိမည်၊ သားရဲခွဲလိမ့်မည်ဟု မစိုးရိမ်။
16. သားငယ်တို့ကို ကိုယ်သားကဲ့သို့မမှတ် ကြမ်းတမ်းစွာပြုတတ်၏။ စိုးရိမ်ခြင်းမရှိ။ သားဘွားခြင်းဝေဒနာကို အချည်းနှီးခံတတ်၏။