ယောဘဝတ္တု။ 37:4-11 Judson Bible (BJB)

4. လျှပ်စစ်ပြက်ပြီးမှ အသံတော်ထွက်၏။ ဘုန်းအာနုဘော်တော်အသံနှင့် မိုဃ်းချုန်းတော်မူ၏။ အသံတော်မြည်သောအခါ မိုဃ်းသက်မုန်တိုင်းကို ချုပ်တည်းတော်မမူ။

5. အံ့ဩဘွယ်သောအခြင်းအရာပါလျက်၊ ဘုရားသခင်သည် အသံတော်နှင့် မိုဃ်းချုန်းတော်မူ၏။ ကြီးသောအမှု ငါတို့နားမလည်နိုင်သော အမှုတို့ကို ပြုတော်မူ၏။

6. မြေပေါ်မှာဖြစ်စေဟု မိုဃ်းပွင့်ကို၎င်း၊ သုန်ဖျင်းသောမိုဃ်းရေနှင့် တန်ခိုးတော်ကြောင့် ပြင်းထန်သော မိုဃ်းရေကို၎င်း မိန့်တော်မူ၏။

7. ဖန်ဆင်းတော်မူသောလူအပေါင်းတို့သည် ကိုယ်တော်ကို သိမည်အကြောင်း လူတိုင်းလုပ်သောအလုပ်ကို ဆီးတားတော်မူ၏။

8. ထိုအခါသားရဲတို့သည် မြေတွင်းထဲသို့ဝင်၍၊ သူတို့နေရာ၌ နေတတ်ကြ၏။

9. လေဘွေသည် တောင်မျက်နှာမှ၎င်း၊ အချမ်းသည် မြောက်မျက်နှာမှ၎င်း ထွက်လာတတ်၏။

10. ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ရေခဲဖြစ်၍ ရေမျက်နှာသည် ခဲလျက်ရှိ၏။

11. မိုဃ်းတိမ်မှ မိုဃ်းရေကို သက်ရောက်စေ၍၊ ရောင်ခြည်တော်အားဖြင့် မိုဃ်းတိမ်ကို ပျောက်လွင့်စေတော်မူ၏။

ယောဘဝတ္တု။ 37