ယောဘဝတ္တု။ 32:10-22 Judson Bible (BJB)

10. သို့ဖြစ်၍ ငါ့စကားကို နားထောင်ကြလော့။ ငါသည် ကိုယ်သဘောကို ပြပါမည်။

11. သင်တို့စကားကို ကြားရအံ့သောငှါ ငါဆိုင်းလင့်ပြီ။ သင်တို့သည် ပြောစရာကိုရှာဖွေ၍ ဆွေးနွေးသောစကားကို ငါနားထောင်ပြီ။

12. စေ့စေ့နားထောင်စဉ်တွင်၊ ယောဘကို အဘယ်သူမျှမနိုင်။ သူ၏စကားကို အဘယ်သူမျှမချေ။

13. သို့ဖြစ်၍ ငါတို့သည် ပညာကိုရှာ၍တွေ့ပြီဟု သင်တို့ဆိုစရာမရှိ။ ယောဘကို နှိမ့်ချသောသူကား လူမဟုတ်၊ ဘုရားသခင်ပေတည်း။

14. ယောဘသည် ငါ့ကိုရည်ဆောင်၍ ပြောပြီမဟုတ်။ သင်တို့ပြန်ပြောသည်အတိုင်း ငါပြန်ပြောမည် မဟုတ်။

15. ဤသူတို့သည် မိန်းမောတွေဝေလျက်ပြန်၍ မပြောဘဲ တိတ်ဆိတ်စွာ နေကြ၏။

16. ငါဆိုင်းလင့်သည်တွင် သူတို့သည် နှုတ်မမြွက်၊ ပြန်၍မပြောဘဲ ငြိမ်ငြိမ်နေကြ၏။

17. သို့ဖြစ်၍ငါသည် ကိုယ်အတွက်ပြန်ပြောမည်။ ကိုယ်သဘောကို ပြမည်။

18. ငါသည် ပြောစရာစကားနှင့် ပြည့်ဝ၏။ အတွင်းဝိညာဉ်နှိုးဆော်ခြင်းကို ခံရ၏။

19. ငါ့ဝမ်းသည် ပိတ်ဆို့သောစပျစ်ရည်နှင့်တူ၏။ အသစ်သော သားရေဘူးကွဲလုသကဲ့သို့ ဖြစ်၏။

20. ငါသည် သက်သာခြင်းငှါ မြွက်ဆိုရမည်။ နှုတ်ကိုဖွင့်၍ ပြန်ပြောရမည်။

21. အဘယ်သူ၏မျက်နှာကိုမျှမထောက်၊ အဘယ်သူကိုမျှ ချီးမွမ်းသော စကားနှင့် မချော့မော့။

22. သူတပါးကို ချီးမွမ်းသောစကားနှင့် မချော့မော့တတ်။ ထိုသို့ပြုလျှင်၊ ငါ့ကိုဖန်ဆင်းတော်မူသောဘုရားသည် ငါ့ကို ချက်ခြင်းပယ်ရှားတော်မူမည်။

ယောဘဝတ္တု။ 32