12. ကိုယ်အလိုသို့လိုက်၍ အဘယ်ကြောင့်လွှဲသွားသနည်း။ အဘယ်ကြောင့် မျက်စောင်းထိုးသနည်း။
13. သင်၏စိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်၍၊ နှုတ်နှင့်ပြစ်မှားပေ၏။
14. လူသည်အဘယ်သို့သောသူဖြစ်၍ သန့်ရှင်းနိုင်သနည်း။ မိန်းမဘွားသောသူသည် အဘယ်သို့သောသူဖြစ်၍ ဖြောင့်မတ်နိုင်သနည်း။
15. ဘုရားသခင်သည် မိမိသန့်ရှင်းသူတို့ကိုပင် ယုံတော်မမူ။ ကောင်းကင်ဘုံသော်လည်းရှေ့တော်၌ မစင်ကြယ်။
16. သို့ဖြစ်လျှင်၊ ရေကိုသောက်သကဲ့သို့ ဒုစရိုက်အပြစ်ကိုသောက်လျက်၊ ဆိုးညစ်ရွံ့ရှာဘွယ်သောလူသတ္တဝါ၌ အဘယ်ဆိုဘွယ်ရှိသနည်း။
17-19. ငါ့စကားကို နားထောင်လော့။ တပါးအမျိုးသားနှင့် မရောနှော၊ ကိုယ်အမျိုးတမျိုးတည်းလျှင် မြေကိုပိုင်သော ပညာရှိတို့သည်၊ ဘိုးဘေးလက်ထက်မှစ၍ မထိမ်မဝှက်၊ ပြောဘူးသောအရာ၊ ငါ့ကိုယ်တိုင်မြင်သောအရာကို ငါပြသမည်။
20. ဆိုးသောသူသည် တသက်လုံး ဒုက္ခဆင်းရဲကိုခံရ၏။ ညှဉ်းဆဲတတ်သောသူသည် မိမိအသက်အပိုင်းအခြားကို မသိရ။
21. သူသည် ကြောက်မက်ဘွယ်သောအသံကို ကြားလျက်နေရ၏။ စည်းစိမ်ကို ခံစားစဉ်တွင်၊ ဖျက်ဆီးသော သူသည် လာတတ်၏။
22. မှောင်မိုက်ထဲမှာ ဘေးလွတ်မည်ဟု မြော်လင့်စရာမရှိ။ ထားသည့်သူ့ကို ချောင်းမြောင်းလျက်ရှိ၏။