ယောဘဝတ္တု။ 14:1-13 Judson Bible (BJB)

1. လူသည် မိန်းမဘွားသောသူဖြစ်သဖြင့်၊ အသက်တို၍ ဒုက္ခနှင့် ပြည့်စုံပါ၏။

2. ပန်းပွင့်ကဲ့သို့ပွင့်၍ ရိတ်ဖြတ်ခြင်းကိုခံရပါ၏။ မတည်မရပ်ဘဲ အရိပ်ကဲ့သို့ ရွေ့သွားတတ်ပါ၏။

3. ထိုသို့သောသူကို ကိုယ်တော်ကြည့်မှတ်တော်မူသလော။ အကျွန်ုပ်နှင့်ဘက်၍တရားတွေ့တော်မူမည်လော။

4. မသန့်ရှင်းသောအရာထဲက သန့်ရှင်းသောအရာကို အဘယ်သူ ထုတ်ဘော်နိုင်သနည်း။ အဘယ်သူမျှ မထုတ်မဘော်နိုင်ပါ။

5. လူ၏နေ့ရက်တို့ကိုမှတ်သား၍၊ သူနေရသော လအရေအတွက်ကို ကိုယ်တော်သည်သိသဖြင့်၊ သူမလွန်နိုင်သော အပိုင်းအခြားကို ထားတော်မူသောကြောင့်၊

6. မျက်စိတော်ကိုလွှဲ၍ လူသည်သူငှါးကဲ့သို့ မိမိ နေ့ရက်ကို လွန်စေသည်တိုင်အောင် ငြိမ်ဝပ်ရသောအခွင့်ကို ပေးတော်မူပါ။

7. သစ်ပင်ကိုခုတ်သော်လည်း၊ အငုတ်အချည်း စည်းမရှိဘဲ အတက်ပေါက်လေဦးမည်ဟု မြော်လင့်စရာရှိ၏။

8. မြေထဲမှာ အမြစ်ဟောင်း၍၊ မြေပေါ်မှာ အငုတ်သေသော်လည်း၊

9. ရေငွေ့ကြောင့်အတက်ပေါက်၍၊ ပျိုးပင်ကဲ့သို့ အညွန့်တို့နှင့် ပြည့်စုံလိမ့်မည်။

10. လူမူကားသေ၍ ဆွေးမြေ့တတ်၏။ လူသည် အသက်ချုပ်ပြီးလျှင် အဘယ်မှာရှိသနည်း။

11. အိုင်ရေပြတ်သကဲ့သို့၎င်း၊ မြစ်ရေခန်းခြောက်သကဲ့သို့၎င်း၊

12. လူသည်အိပ်ပြီးမှ နောက်တဖန်မထရ။ မိုဃ်းကောင်းကင်မကုန် မဆုံးမှီတိုင်အောင် မနိုးရ။ အအိပ် အပျော်မပျက်ရ။

13. ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချၖိုင်းတွင်း၌ ဝှက်ထားတော်မူပါစေ။ အမျက်တော်မလွန်မှီတိုင်အောင် ကွယ်ကာတော်မူပါစေ။ အကျွန်ုပ် ကိုအောက်မေ့စရာအချိန်ကို ချိန်းချက်တော်မူပါစေ။

ယောဘဝတ္တု။ 14