မဿဲ 5:27-41 Judson Bible (BJB)

27. သူ့မယားကို မပြစ်မှားရဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။

28. ငါပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ။

29. ထိုကြောင့် လက်ျာမျက်စိဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။ တကိုယ်လုံး ငရဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါတခုပျက်သော် သာ၍ကောင်း၏။

30. ထိုနည်းတူ လက်ျာလက်ဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုလက်ကိုဖြတ်ပစ်လော့။ တကိုယ်လုံး ငရဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါတခုသာ ပျက်သော်သာ၍ကောင်း၏။

31. တဖန်တုံ၊ မယားနှင့်ကွာလိုလျှင် ဖြတ်စာကို အပ်ပေးစေဟူသော ပညတ်စကားရှိပြီ။

32. ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့် ကွာသောသူသည် မိမိမယားကို မှားယွင်းစေ၏။ ကွာသောမိန်းမနှင့် စုံဘက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကို ပြစ်မှား၏။

33. တဖန်တုံ၊ မဟုတ်မမှန်ဘဲလျက် ကျိန်ဆိုခြင်းကိုမပြုရ။ ကျိန်ဆိုခြင်းကို ပြုသည်အတိုင်း ထာဝရဘုရား ရှေ့တော်၌ တည်စေလော့ဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။

34. ငါပညတ်သည်ကား၊ ကျိန်ဆိုခြင်းကို အလျင်းမပြုရ။ ကောင်းကင်ဘုံကို တိုင်တည်၍မကျိန်ရ။ ကောင်းကင်ဘုံကား ဘုရားသခင်၏ ပလ္လင်တော်ဖြစ်သတည်း။

35. မြေကြီးကို တိုင်တည်၍မကျိန်ရ။ မြေကြီးကား ဘုရားသခင်၏ ခြေတော်တင်ရာ ခုံဖြစ်သတည်း။ ယေရှုရှလင်မြို့ကို တိုင်တည်၍မကျိန်ရ။ မဟာမင်းကြီး၏မြို့တော် ဖြစ်သတည်း။

36. ဆံခြည်တပင်ကိုမျှ ဖြူစေခြင်း၊ မည်းစေခြင်းငှါမတတ်နိုင်သော်၊ ကိုယ်ဦးခေါင်းကိုတိုင်တည်၍ မကျိန်ရ။

37. သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက် လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။

38. သူ့မျက်စိကို ဖျက်လျှင် ကိုယ်မျက်စိဖျက်ခြင်းကိုခံစေ။ သူ့သွားကိုချိုးလျှင် ကိုယ်သွားချိုးခြင်းကို ခံစေ ဟူသော ပညတ်စကားကို သင်တို့ကြားရပြီ။

39. ငါပညတ်သည်ကား၊ နှောင့်ရှက်သောသူကို မဆီးမတားနှင့်။ သင်၏ ပါးတဘက်ကို သူတပါးပုတ်လျှင် ပါးတဘက်ကို လှည့်၍ပေးဦးလော့။

40. သင့်အင်္ကျီကို ယူလို၍ တရားတွေ့သောသူအား သင့်ဝတ်လုံကိုလည်း ယူစေခြင်းငှါ အခွင့်ပေးဦးလော့။

41. အကြင်သူသည် သင့်ကို အနိုင်ပြု၍ ခရီးတတိုင်သွားစေ၏။ ထိုသူနှင့်တကွ နှစ်တိုင်သွားဦးလော့။

မဿဲ 5