11. ထိုအခါ မာရ်နတ်သည် အထံတော်မှထွက်သွား၍ ကောင်းကင်တမန်တို့သည် ချဉ်းကပ်လျက် လုပ်ကျွေးကြ၏။
12. ယောဟန်သည် ထောင်ထဲသို့ရောက်ကြောင်းကို ယေရှုသည်ကြားလျှင်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၍၊
13. နာဇရက်မြို့ကို စွန့်သွားလျက်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်စပ်ကြားတွင် အိုင်နှင့်နီးစပ်သော ကပေရနောင်မြို့သို့ ရောက်၍ နေတော်မူ၏။
14. ဤအကြောင်းအရာကား၊ ပရောဖက်ဟေရှာယ၏ နှုတ်ထွက်ပြည့်စုံမည်အကြောင်းတည်း။
15. နှုတ်ထွက်အချက်ဟူမူကား၊ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်တည်းဟူသော အိုင်နားရှောက်သောလမ်း၊ ယော်ဒန်မြစ်တဘက်၊ တပါးအမျိုးသားနေရာဂါလိလဲပြည်၊
16. မှောင်မိုက်ထဲမှာရှိနေသော လူများတို့သည် ကြီးစွာသောအလင်းကို မြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ်တွင်ရှိနေသော သူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏ဟု ဟောထားသတည်း။
17. ထိုအခါမှစ၍ ယေရှုက၊ နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီဟူသော တရားကို ဟောစပြုတော်မူ၏။
18. ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ပေတရုဟူ၍ခေါ်ဝေါ်သော ရှိမုန်နှင့်အန္ဒြေ၊ ညီအစ်ကို နှစ်ယောက်တို့သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊