မဿဲ 26:14-32 Judson Bible (BJB)

14. ထိုအခါ တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးတို့ထံ သို့သွား၍၊

15. အကျွန်ုပ်သည် ယေရှုကို ကိုယ်တော်တို့လက်သို့အပ်လျှင် အဘယ်မျှလောက်ပေးပါမည်နည်းဟု လျှောက်သော်၊ ထိုသူတို့က ငွေအကျပ်သုံးဆယ်ပေးမည်ဟု ဝန်ခံကြ၏။

16. ထိုအခါမှစ၍ ကိုယ်တော်ကိုအပ်ခြင်းငှါ အဆင်သင့်သောအချိန်ကာလကို ရှာကြံလျက်နေ၏။

17. အဇုမပွဲ ပဌမနေ့၌ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါပွဲကို စား တော်မူဘို့ရာ အဘယ်အရပ်၌ အကျွန်ုပ်တို့သည် ပြင်ဆင်စေခြင်းငှါ အလိုရှိတော်မူသနည်းဟု မေးကြသော်၊

18. ကိုယ်တော်က၊ မြို့တွင် ဤမည်သောသူ၏အိမ်သို့သွားကြ၊ ဆရာမှာလိုက်သည်ကား၊ ငါ့အချိန်နီးပြီ။ သင့်အိမ်၌ ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကို ငါခံမည်ဟု ထိုသူကို ပြောကြလော့ဟု မိန့်တော်မူ၏။

19. တပည့်တော်တို့သည် စီရင်တော်မူသည်အတိုင်းပြု၍ ပသခါပွဲကို ပြင်ဆင်ကြ၏။

20. ညဦးယံအချိန်ရောက်မှ တပည့်တော်တကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်းတော်မူ၏။

21. စား၍နေကြစဉ် ကိုယ်တော်က၊ ငါအမှန်ဆိုသည်ကား၊ သင်တို့တွင် တစုံတယောက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည်ဟု မိန့်တော်မူလျှင်၊

22. တပည့်တော်တို့သည် အလွန်ဝမ်းနည်း၍ သခင်၊ အကျွန်ုပ်လောဟု အသီးအသီးမေးလျှောက်ကြ၏။

23. ကိုယ်တော်ကလည်း ငါနှင့်အတူ ပုကန်တွင် လက်နှိုက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည်။

24. ကျမ်းစာလာသည်အတိုင်း လူသားသည်သွားရမည်။ သို့သော်လည်း လူသားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် ဘွားမြင်ခြင်းကိုမခံရလျှင် အနေသာ၍ကောင်းသည်ဟု မိန့်တော်မူ၏။

25. ကိုယ်တော်ကို အပ်နှံမည့်သူယုဒရှကာရုတ်ကလည်း၊ အရှင်ဘုရား၊ အကျွန်ုပ်လောဟု မေးလျှောက်လျှင်၊ သင်ဆိုသည့်အတိုင်းမှန်သည်ဟု ပြန်ပြောတော်မူ၏။

26. ထိုအခါ စားလျက်နေကြစဉ်တွင်၊ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ဟု မိန့်တော်မူလျက်၊ တပည့်တော်တို့အား ပေးတော်မူ၏။

27. ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ၍ သင်တို့ရှိသမျှသည် သောက်ကြလော့။

28. ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကိုလွတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေးဖြစ်၏။

29. ငါဆိုသည်ကား၊ ဤစပျစ်ရည်မျိုးအသစ်ကို ငါ့ခမည်းတော်၏နိုင်ငံ၌ သင်တို့နှင့်အတူ ငါမသောက်မှီ နေ့တိုင်အောင် ယခုမှစ၍တဖန် ငါမသောက်ရဟု မိန့်တော်မူ၏။

30. ထို့နောက် သီချင်းဆိုကြပြီးမှ သံလွင်တောင်သို့ ထွက်သွားကြ၏။

31. ထိုအခါ ယေရှုကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်းကိုငါရိုက်သတ်၍ သိုးတို့သည် ကွဲလွင့်ရကြ လိမ့်မည်ဟု ရေးထားသည်နှင့်အညီ၊ ယနေ့ညဉ့်တွင် သင်တို့ရှိသမျှသည် ငါ့ကြောင့်စိတ်ပျက်ကြလိမ့်မည်။

32. သို့သော်လည်း ငါသည်ထမြောက်ပြီးမှ သင်တို့ရှေ့ ဂါလိလဲပြည်သို့သွားမည်ဟု မိန့်တော်မူသော်၊

မဿဲ 26