မဿဲ 23:8-19 Judson Bible (BJB)

8. သင်တို့မူကား အရှင်ဘုရားဟု ခေါ်ဝေါ်ခြင်းကိုမခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈာယ် ဆရာတပါးတည်းရှိ၏။ သင်တို့အပေါင်းသည် ညီအစ်ကို ချင်းဖြစ်ကြ၏။

9. မြေကြီးပေါ်မှာ အဘယ်သူကိုမျှအဘဟူ၍မခေါ်ဝေါ်ကြနှင့်။ ကောင်းကင်ဘုံ၌ သင်တို့အဘတပါး တည်းရှိတော်မူ၏။

10. ဥပဇ္ဈာယ်ဆရာဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈာယ်ဆရာတပါးတည်းရှိ၏။

11. သင်တို့တွင် အကြီးဖြစ်သောသူသည် သင်တို့အစေခံဖြစ်ရ၏။

12. အကြင်သူသည် မိမိကိုချီးမြှောက်အံ့၊ ထိုသူသည် နှိမ့်ချခြင်းသို့ရောက်လတံ့။ အကြင်သူသည် မိမိကို နှိမ့်ချအံ့၊ ထိုသူသည် ချီးမြှောက်ခြင်းသို့ ရောက်လတံ့။

13. လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်း ကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။

14. လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မုတ်ဆိုးမ အိမ်ကို လုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ ထို့ကြောင့် သာ၍ ကြီးစွာသော ဒဏ်ကိုခံရကြလတံ့။

15. လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူ တ ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။

16. လမ်းပြသောလူကန်းတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ ဗိမာန်တော်ကိုတိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလျှင်မတည်။ ဗိမာန်တော်၏ ရွှေကိုတိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟုသင်တို့ဆိုကြ၏။

17. လူမိုက်လူကန်းတို့၊ အဘယ်အရာသည်သာ၍ မြတ်သနည်း။ ထိုရွှေကားမြတ်သလော။ ထိုရွှေကို သန့်ရှင်းစေသော ဗိမာန်တော်ကားမြတ်သလော။

18. တနည်းကား၊ ယဇ်ပလ္လင်ကို တိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် မတည်။ ယဇ်ပလ္လင်ပေါ်မှာရှိသော ပူဇော်သက္ကာကို တိုင်တည်၍ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟု သင်တို့ဆိုကြ၏။

19. လူမိုက်လူကန်းတို့၊ အဘယ်အရာသည်သာ၍ မြတ်သနည်း။ ထိုပူဇော်သက္ကာကား မြတ်သလော။ ထိုပူဇော်သက္ကာကို သန့်ရှင်းစေသော ယဇ်ပလ္လင်ကားမြတ်သလော။

မဿဲ 23