မဿဲ 23:4-13 Judson Bible (BJB)

4. အလွန်လေး၍ ထမ်းခဲသောဝန်တို့ကို ပြင်ဆင်၍သူတပါးပခုံးပေါ်မှာ တင်တတ်ကြ၏။ မိမိတို့မူကား လက်ဖျားနှင့်မျှ မရွှေ့လိုကြ။

5. သူတို့သည် ပြုသမျှသောအကျင့်အမှုတို့ကို လူများရှေ့မှာ ထင်ရှားစေခြင်းငှါပြုကြ၏။ ကျယ်သော လက်ဖွဲ့တို့ကို၎င်း၊ ကြီးသော ပန်းပွားတို့ကို၎င်း ဝတ်လေ့ရှိကြ၏။

6. ပွဲသဘင်၊ တရားစရပ်တို့၌ မြင့်မြတ်သောနေရာ ထိုင်ရာကို၎င်း၊

7. ဈေး၌ ရိုသေစွာနှုတ်ဆက်ခြင်းကို၎င်း၊ အရှင်ဘုရား အရှင်ဘုရားဟု လူများခေါ်ဝေါ်ခြင်းကို၎င်း နှစ်သက်ကြ၏။

8. သင်တို့မူကား အရှင်ဘုရားဟု ခေါ်ဝေါ်ခြင်းကိုမခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈာယ် ဆရာတပါးတည်းရှိ၏။ သင်တို့အပေါင်းသည် ညီအစ်ကို ချင်းဖြစ်ကြ၏။

9. မြေကြီးပေါ်မှာ အဘယ်သူကိုမျှအဘဟူ၍မခေါ်ဝေါ်ကြနှင့်။ ကောင်းကင်ဘုံ၌ သင်တို့အဘတပါး တည်းရှိတော်မူ၏။

10. ဥပဇ္ဈာယ်ဆရာဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈာယ်ဆရာတပါးတည်းရှိ၏။

11. သင်တို့တွင် အကြီးဖြစ်သောသူသည် သင်တို့အစေခံဖြစ်ရ၏။

12. အကြင်သူသည် မိမိကိုချီးမြှောက်အံ့၊ ထိုသူသည် နှိမ့်ချခြင်းသို့ရောက်လတံ့။ အကြင်သူသည် မိမိကို နှိမ့်ချအံ့၊ ထိုသူသည် ချီးမြှောက်ခြင်းသို့ ရောက်လတံ့။

13. လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်း ကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။

မဿဲ 23