မဿဲ 22:28-43 Judson Bible (BJB)

28. သို့ဖြစ်၍ ထမြောက်ရာကာလ၌ ထိုမိန်းမသည် ခုနစ်ယောက်သောညီအစ်ကိုတို့တွင် အဘယ်သူ၏ မယားဖြစ်ရပါမည်နည်း။ ထိုသူအပေါင်းတို့သည် ထိုမိန်းမနှင့် စုံဘက်ခြင်းကို ပြုကြပြီဟု မေးလျှောက်ကြ၏။

29. ယေရှုကလည်း၊ သင်တို့သည် ကျမ်းစာကိုနားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကို မသိသော ကြောင့် မှားသောအယူကိုယူကြ၏။

30. ထမြောက်ရာကာလ၌ စုံဘက်ခြင်းကို မပြု၊ ထိမ်းမြားပေးစားခြင်းကို မပြု။

31. ကောင်းကင်သားဘုရားသခင်၏ တမန်တော်ကဲ့သို့ ဖြစ်ကြ၏။

32. ထိုမှတပါး သေလွန်သောသူတို့သည် ထမြောက်ခြင်းအရာမှာ၊ ဘုရားသခင်က၊ ငါသည် အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်ဟု သင်တို့အား မိန့်မြွက်တော်မူကြောင်းကို သင်တို့သည် မဘတ်ဘူးသလော။ ဘုရားသခင်သည် သေနေသောသူတို့၏ ဘုရားမဟုတ်၊ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူသည်ဟု မိန့်တော်မူ၏။

33. ပရိသတ်များတို့သည် ကြားရလျှင် ဆုံးမဩဝါဒ ပေးတော်မူသည်ကို အံ့ဩခြင်းရှိကြ၏။

34. ဇဒ္ဒုကဲတို့၏ စကားကို ချေတော်မူကြောင်းကို ဖာရိရှဲတို့သည်ကြားလျှင် စုဝေးကြ၍၊

35. သူတို့အဝင်အပါဖြစ်သော ကျမ်းတတ်တယောက်သည် ကိုယ်တော်ကို စုံစမ်းနှောင့်ရှက်ခြင်းငှါ၊

36. အရှင်ဘုရား၊ ပညတ္တိကျမ်း၌ အဘယ်မည်သော ပညတ်သည်သာ၍ ကြီးသနည်းဟု မေးလျှောက်သော်၊

37. ယေရှုက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊

38. ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။

39. ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။

40. ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်းဟု မိန့်တော်မူ၏။

41. ဖာရိရှဲတို့သည် စုဝေး၍နေကြစဉ်တွင် ယေရှုက၊ သင်တို့သည် ခရစ်တော်ကို အဘယ်သို့ထင်မှတ်ကြ သနည်း။

42. အဘယ်သူ၏ သားဖြစ်သနည်းဟု မေးတော်မူလျှင်၊ ဒါဝိဒ်၏သားဖြစ်သည်ဟု လျှောက်ကြသော်၊

43. သို့ဖြစ်လျှင် ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ဝိညာဉ်တော်အားဖြင့် အဘယ်ကြောင့်ခေါ် သနည်း။

မဿဲ 22