မဿဲ 21:37-46 Judson Bible (BJB)

37. နောက်ဆုံး၌ ဥယျာဉ်ရှင်က၊ ထိုသူတို့သည်ငါ့သားကို အားနာကြလိမ့်မည်ဟုဆို၍ မိမိသားကို စေလွတ် လေ၏။

38. ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင် ဤသူသည်အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏ အမွေဥစ္စာကို ယူကြကုန်အံ့ဟု အချင်းချင်းတိုင်ပင်၍၊

39. ဥယျာဉ်ရှင်၏သားကို ဘမ်းယူပြီးမှ ဥယျာဉ်ပြင်သို့ထုတ်၍ သတ်ပစ်ကြ၏။

40. သို့ဖြစ်လျှင် ဥယျာဉ်ရှင်သည်လာသောအခါ၊ ဥယျာဉ်စောင့်တို့ကို အဘယ်သို့ ပြုမည်နည်းဟုမေးတော်မူ၏။

41. ပရိသတ်တို့ကလည်း ထိုလူဆိုးတို့အား ဆိုးသောဖျက်ဆီးခြင်းကို စီရင်ပါလိမ့်မည်။ အသီးသီးချိန်တွင် အသီးကို ဆက်အံ့သောအခြားလူတို့အား ထိုဥယျာဉ်ကို ငှါးပါလိမ့်မည်ဟု လျှောက်ကြ၏။

42. ယေရှုကလည်း၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တဖန် တိုက် ထောင့်အထွဋ်ဖျားသို့ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏။ ငါတို့ မျက်မှောက်၌ လည်း အံ့ဩဘွယ်ဖြစ်၏ဟူသောစကားကို ကျမ်းစာ၌ သင်တို့သည် တရံတခါမျှမဘတ်ဘူးသလော။

43. ထို့ကြောင့် ငါဆိုသည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့မှနှုတ်၍ နိုင်ငံတော်၏အသီးကို သီး အံ့သောလူမျိုးအား ပေးရလတံ့။

44. အကြင်သူသည် ထိုကျောက်အပေါ်သို့ကျ၏။ ထိုသူသည် ကျိုးလတံ့၊ အကြင်သူ၏အပေါ်သို့ ထိုကျောက်သည်ကျ၏၊ ထိုသူသည် ညက်ညက်ကြေလတံ့ဟု မိန့်တော်မူ၏။

45. ထိုဥပမာစကားကို ယဇ်ပုရောဟိတ်အကြီးနှင့် ဖာရိရှဲတို့သည်ကြားရလျှင်၊ မိမိတို့ကို ရည်ဆောင်၍ ဟောပြောတော်မူသည်ကို သိကြ၏။

46. ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ရှာကြံသော်လည်း စုဝေးသောသူများကို ကြောက်ကြ၏။ အကြောင်း မူကား၊ ထိုသူတို့သည် ကိုယ်တော်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြ၏။

မဿဲ 21