10. ယေရုရှလင်မြို့သို့ ဝင်တော်မူသောအခါ တမြို့လုံးအုတ်အုတ်သဲသဲဖြစ်၍၊ ဤသူကား အဘယ်နည်းဟု မေးမြန်းကြလျှင်၊
11. လူအစုအဝေးတို့က၊ ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့၌ ပေါ်ထွန်းသောရောဖက်ယေရှုပေတည်း ဟု ပြောဆိုကြ၏။
12. ယေရှုသည် ဘုရားသခင်၏ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ရောင်းဝယ်သောသူ အပေါင်းတို့ကို နှင်ထုတ်၍၊ ငွေလဲသောသူတို့၏ ခုံများကို၎င်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်နေရာကို၎င်း တွန်းလှဲတော်မူလျက်၊
13. ငါ့အိမ်ကို ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့ဟု ကျမ်းစာ၌လာသော်လည်း၊ သင်တို့သည် ထို အိမ်ကို ထားပြတွင်းဖြစ်စေကြပြီတကားဟု မိန့်တော်မူ၏။
14. ထိုအခါ ဗိမာန်တော်၌ မျက်စိကန်းသောသူ၊ ခြေမစွမ်းသောသူတို့သည် အထံတော်သို့လာ၍ သူတို့ အနာရောဂါကို ငြိမ်းစေတော်မူ၏။
15. ကိုယ်တော်ပြုတော်မူသော အံ့ဩဘွယ်အမှုတို့ကို၎င်း၊ သူငယ်တို့ကလည်း၊ ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်းဟု ဗိမာန်တော်၌ကြွေးကြော်ကြသည်ကို၎င်း၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့ သည် ကြားမြင်လျှင် အမျက်ထွက်ကြ၍၊
16. ဤသူတို့သည် အဘယ်သို့ပြောဆိုသည်ကို ကြားသလောဟု ယေရှုအား မေးကြလေသော်၊ ငါကြား၏။ နို့စို့သူငယ်တို့ နှုတ်ထဲမှကိုယ်တော်သည် ချီးမွမ်းခြင်းကိုပြင်ဆင်တော်မူသည်ဟူသော စကားကို သင်တို့သည် တရံတခါမျှ မဘတ်ဘူးသလောဟု မိန့်တော်မူ၏။
17. ထိုအခါ သူတို့ကိုထားခဲ့၍ မြို့ထဲမှထွက်ပြီးလျှင် ဗေသနိရွာသို့ကြွ၍ ထိုညဉ့်ကို လွန်စေတော်မူ၏။
18. နံနက်အချိန်၌ မြို့သို့ ပြန်စဉ်တွင် ဆာမွတ်တော်မူ၏။
19. လမ်းနားမှာသင်္ဘောသဖန်းပင်တပင်ကို မြင်လျှင်၊ ထိုအပင်သို့ကြွသွား၍ အရွက်ကိုသာတွေ့တော်မူ သည်ရှိသော်၊ ယခုမှစ၍ အစဉ်မပြတ် သင်၌အသီးမသီးစေနှင့်ဟု မိန့်တော်မူလျှင်၊ ထိုအပင်သည် ချက်ခြင်း သွေ့ခြောက်လေ၏။
20. တပည့်တော်တို့သည် မြင်လျှင်၊ သင်္ဘောသဖန်းပင်သည် ချက်ခြင်းသွေ့ခြောက်ပါပြီတကားဟု အံ့ဩ၍ ဆိုကြ၏။
21. ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ယုံမှားခြင်းနှင့်ကင်းသော ယုံကြည်ခြင်းရှိလျှင်၊ သင်္ဘောသဖန်းပင်၌ ပြုသကဲ့သို့ သင်တို့ပြုနိုင်သည်သာမက၊ ထိုတောင်ကိုပင် နေရာမှရွေ့လော့၊ ပင်လယ်၌ ကျ လော့ဟုဆိုလျှင်ဆိုသည်အတိုင်း ဖြစ်လိမ့်မည်။
22. ယုံကြည်ခြင်းပါလျက် ပဌနာပြု၍ ဆုတောင်းသမျှတို့ကို သင်တို့သည်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
23. ဗိမာန်တော်သို့ ဝင်ပြန်၍ ဆုံးမဩဝါဒပေးတော်မူစဉ်တွင်၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည် အထံတော်သို့ချဉ်းကပ်၍၊ ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့် ပြုသနည်း။ ထိုအခွင့်ကို အဘယ်သူပေးသနည်းဟု မေးလျှောက်ကြသော်၊
24. ယေရှုက၊ ငါသည် တစုံတခုကိုမေးဦးမည်။ သင်တို့ဖြေလျှင် ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြု သည်ကို ငါပြောမည်။
25. ယောဟန်၏ ဗတ္တိဇံတရားသည် အဘယ်ကဖြစ်သနည်း။ ဘုရားကဖြစ်သလော။ လူကဖြစ်သလောဟု မေးတော်မူ၏။ ထိုသူတို့သည် အချင်းချင်းဆင်ခြင်၍ ဘုရားကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည် ယောဟန်ကို အဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည်။
26. လူကဖြစ်သည်ဟု ငါတို့ဖြေလျှင်လူများကိုကြောက်ရ၏။ အကြောင်းမူကား၊ လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊
27. အကျွန်ုပ်တို့မသိပါဟု ယေရှုအား ပြန်ပြောကြ၏။ ကိုယ်တော်ကလည်း၊ ထိုအတူ ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကို ငါမပြော။
28. သင်တို့သည် အဘယ်သို့ထင်ကြသနည်း။ တစုံတယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။ သားအကြီး ဆီသို့သွား၍ ငါ့သား၊ ယနေ့ ငါ့စပျစ်ဥယျာဉ်သို့သွား၍ လုပ်ဆောင်လော့ဟုဆိုလျှင်၊
29. သားက ငါမသွားဘူးဟု ပြန်ပြောသော်လည်း၊ နောက်မှ နောင်တရ၍သွားလေ၏။