မဿဲ 18:6-20 Judson Bible (BJB)

6. ငါ့ကိုယုံကြည်သော ဤသူငယ်တစုံတယောက်ကို အကြင်သူသည်မှားယွင်းစေ၏၊ ထိုသူသည် လည် ပင်း၌ ကြိတ်ဆုံကျောက်ကိုဆွဲ၍ နက်နဲသောပင်လယ်၌ နှစ်မြှုပ်ခြင်းကို ခံရလျှင်အနေသာ၍ကောင်း၏။

7. မှားယွင်းစရာအကြောင်းများရှိသောကြောင့် လောကီသားတို့သည် အမင်္ဂလာရှိကြ၏။ မှားယွင်းစရာ အကြောင်းရှိရမည်။ သို့သော်လည်း မှားယွင်းစရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။

8. သင်၏လက်ခြေသည် သင့်ကို မှားယွင်းစေလျှင် လက်ခြေကိုဖြတ်ပစ်လော့။ လက်ခြေအစုံနှင့် ထာဝရ မီးထဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါချို့တဲ့၍ အသက်ရှင်ခြင်းသို့ ဝင်စားသော်သာ၍ကောင်း၏။

9. သင်၏မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင်၊ မျက်စိကိုထုတ်ပစ်လော့။ မျက်စိနှစ်ဘက်စုံနှင့် ငရဲမီးထဲသို့ချခြင်းကို ခံရသည်ထက် မျက်စိတဘက်နှင့် အသက်ရှင်ခြင်းသို့ဝင်စားသော် သာ၍ကောင်း၏။

10. သင်တို့သည် ဤသူငယ်ကို တစုံတယောက်ကို မထီမဲ့မြင်မပြုမည်အကြောင်း သတိရှိကြလော့။ ငါဆို သည်ကား၊ သူတို့၏ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့အဘ၏မျက်နှာတော်ကိုအစဉ် မပြတ်ဖူးမြင်ကြ၏။

11. ထိုမှတပါး လူသားသည်ပျောက်သောသူတို့ကို ကယ်တင်အံ့သောငှာ ကြွလာသတည်း။

12. အဘယ်သို့ထင်ကြသနည်း။ သိုးတရာရှိသောသူ၌ သိုးတကောင်သည်လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူ သည် ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။

13. တွေ့ပြီးလျှင်၊ လမ်းမလွဲ၍ပျောက်သောသိုး ကိုးဆယ်ကိုးကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက်၊ ထိုသိုး တကောင်၌ သာ၍ဝမ်းမြောက်ခြင်းရှိသည်ဟု ငါအမှန်ဆို၏။

14. ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေ ခြင်းငှာ အလိုတော်မရှိ။

15. ထို့ကြောင့် သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင်၊ သူ့ဆီသို့သွား၍ နှစ်ယောက်တည်းချင်း သူ၏ အပြစ်ကိုပြ၍ ဆုံးမလော့။ သူသည် သင်၏စကားကိုနားထောင်လျှင် ညီအစ်ကို ကိုရပြီ။

16. သို့မဟုတ် သင်၏စကားကိုနားမထောင်လျှင်။ လူနှစ်ဦးသုံးဦး သက်သေခံ၍စကားရှိသမျှတို့ကို တည် စေခြင်းငှာ ကိုယ်နှင့်အတူ လူတဦးနှစ်ဦးကိုခေါ်ဦးလော့။

17. ထိုသူတို့၏စကားကို နားမထောင်လျှင် အသင်းတော်အားကြားပြောလော့။ အသင်းတော်၏စကားကို နားမထောင်လျှင်၊ သာသနာပလူကဲ့သို့၎င်း၊ အခွန်ခံကဲ့သို့၎င်း ထိုသူကိုမှတ်လော့။

18. ငါအမှန်ဆိုသည်ကား၊ မြေကြီးပေါ်မှာသင်တို့ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက် ရှိလိမ့်မည်။ မြေကြီးပေါ်မှာဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြည်လွှတ်လျက်ရှိလိမ့်မည်။

19. တဖန်ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင်နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်း လျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတံ့။

20. အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ၏။

မဿဲ 18