30. စပါးရိတ်သည်ကာလတိုင်အောင် အပင်နှစ်မျိုးတို့သည် အတူကြီးပွားပါလေစေ။ စပါးရိတ်သည်ကာလ ရောက်လျှင်၊ တောပင်တို့ကို ရှေ့ဦးစွာရွေးနှုတ်၍ မီးရှို့ခြင်းငှါစည်းနှောင်ကြလော့။ စပါးကိုကား ကျီ၌စုသိမ်း သွင်းထားကြလော့ဟု ရိတ်သောသူတို့အား ငါစီရင်မည်ဟု အိမ်ရှင်ဆိုသည်ဟု မိန့်တော်မူ၏။
31. အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် လယ်၌စိုက်သော မုန်ညင်းစေ့နှင့်တူ၏။
32. မုန်ညင်းစေ့သည် အစေ့တကာတို့ထက် ငယ်သော်လည်း၊ ကြီးပွားသောအခါ မြက်ပင်တကာတို့ထက် ကြီးသဖြင့် မိုဃ်းကောင်းကင်ငှက်တို့သည်လာ၍ အကိုင်းအခက်တို့၌နားနေ မှီခိုလောက်သောအပင် ဖြစ်တတ် သည်ဟု မိန့်တော်မူ၏။
33. အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့်တူ၏။ မိန်းမသည် တဆေးကိုယူ၍ မုန့်ညက်သုံးတင်း၌ထည့်သဖြင့်၊ မုန့်ညက်ရှိသမျှကို ဖောင်းကြွစေတတ်သည်ဟု မိန့်တော်မူ၏။
34. ယေရှုသည် ဤဥပမာများတို့ကိုဆောင်၍ ပရိတ်သတ်များတို့အားဟောပြောတော်မူ၏။ ဥပမာကင်း၍ ဟောပြောတော်မမူ၊
35. ထိုသို့သောအားဖြင့် ပရောဖက်စကားဟူမူကား၊ ငါသည်နှုတ်ကိုဖွင့်၍ ဥပမာများကိုမြွက်ဆိုအံ့။ ကမ္ဘာဦးမှစ၍ ထိမ်ဝှက်သောအရာတို့ကိုဘော်ပြပေအံ့ဟု ဟောဘူးသောစကားသည် ပြည့်စုံခြင်းသို့ ရောက် သတည်း။
36. ထိုနောက်မှ ယေရှုသည် လူအစုအဝေးများကိုလွှတ်၍ အိမ်သို့ဝင်တော်မူပြီးမှ၊ တပည့်တော်တို့သည် ချဉ်းကပ်၍၊ လယ်၌ကြဲသောတောမျိုးစေ့၏ ဥပမာအနက်အဓိပ္ပါယ်ကို အကျွန်ုပ်တို့အား ဘော်ပြတော်မူပါဟု လျှောက်ကြလျှင်၊
37. ကိုယ်တော်က၊ ကောင်းသောမျိုးစေ့ကိုကြဲသောသူသည် လူသားဖြစ်၏။
38. လယ်ကား ဤလောကဖြစ်၏။ ကောင်းသောအစေ့ကား နိုင်ငံတော်သားဖြစ်၏။ တောမျိုးစေ့ကား နတ် ဆိုးသားဖြစ်၏။
39. တောမျိုးစေ့ကိုကြဲသောရန်သူကား မာရ်နတ်ဖြစ်၏။ စပါးရိတ်သောကာလကား ဤကမ္ဘာကုန်သော ကာလဖြစ်၏။ စပါးရိတ်သောသူကား ကောင်းကင်တမန်ဖြစ်၏။
40. တောပင်တို့ကိုရွေးနှုတ်၍ မီးရှို့သကဲ့သို့ ဤကမ္ဘာအဆုံး၌ဖြစ်လတံ့။
41. လူသားသည် မိမိကောင်းကင်တမန်တို့ကိုစေလွှတ်ပြီးလျှင်၊ မှားယွင်းစေသောသူတို့နှင့် မတရားသော အမှုကို ပြုသောသူရှိသမျှတို့ကို နိုင်ငံတော်ထဲကရွေးနှုတ်၍၊
42. ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ချကြလတံ့။
43. ထိုအခါ ဖြောင့်မတ်သောသူတို့သည် နေထွန်းလင်းသကဲ့သို့ မိမိတို့အဘ၏နိုင်ငံတော်၌ ထွန်းလင်းကြ လတံ့။ ကြားစရာနားရှိသောသူသည် မည်သည်ကားကြားပါစေ။