21. စိတ်နှလုံး၌ အမြစ်မစွဲခဏသာတည်သဖြင့်၊ တရားစကားကြောင့်အမှုအခင်းနှင့် ညှဉ်းဆဲခြင်းကို ခံရ သောအခါ ချက်ခြင်းဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း။
22. ဆူးပင်တို့တွင် အစေ့ကိုကြဲခြင်းအကြောင်းအရာကား တရားစကားကိုကြား၍လောကီအမှု၌ စိုးရိမ်ခြင်း နှင့် စည်းစိမ်ဥစ္စာ၏လှည့်စားခြင်းသည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်ဟု ဆိုလိုသတည်း။
23. ကောင်းသောမြေ၌ အစေ့ကိုကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ နှလုံးသွင်းသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်းဟု မိန့်တော်မူ၏။
24. အခြားသော ဥပမာစကားကိုမိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် ကောင်းသောမျိုး စေ့ကို လယ်၌ကြဲသောသူနှင့်တူ၏။
25. လူတို့သည် အိပ်ပျော်သောအခါ သူ၏ရန်သူသည်လာ၍ကောင်းသောစပါးနှင့်လက္ခဏာတူသော တော မျိုးစေ့ကို စပါးအထဲ၌ကြဲ၍ သွားလေ၏။
26. အပင်ပေါက်၍ အသီးအနှံထွက်သောအခါ၊ တောပင်များလည်းထင်ရှားလျှင်၊
27. ကျွန်တို့သည် အိမ်ရှင်ထံသို့သွား၍ သခင်၊ ကောင်းသောမျိုးစေ့ကို လယ်၌ကြဲတော်မူသည် မဟုတ် လော။ တောပင်တို့သည် အဘယ်ကဖြစ်သနည်းဟု လျှောက်ကြလျှင်၊
28. အိမ်ရှင်က ဤအမှုကား ရန်သူပြုသောအမှုတည်းဟု ဆို၏။ အကျွန်ုပ်တို့သည်သွား၍ တောပင်တို့ကို ရွေးနှုတ်စေခြင်းငှါ အလိုတော်ရှိသလောဟု လျှောက်ကြလျှင်၊
29. အိမ်ရှင်က ထိုသို့ငါအလိုမရှိ။ တောပင်တို့ကိုရွေးနှုတ်လျှင် စပါးပင်တို့ကိုရောနှော၍ နှုတ်မိမည် စိုးရိမ် စရာအကြောင်းရှိ၏။
30. စပါးရိတ်သည်ကာလတိုင်အောင် အပင်နှစ်မျိုးတို့သည် အတူကြီးပွားပါလေစေ။ စပါးရိတ်သည်ကာလ ရောက်လျှင်၊ တောပင်တို့ကို ရှေ့ဦးစွာရွေးနှုတ်၍ မီးရှို့ခြင်းငှါစည်းနှောင်ကြလော့။ စပါးကိုကား ကျီ၌စုသိမ်း သွင်းထားကြလော့ဟု ရိတ်သောသူတို့အား ငါစီရင်မည်ဟု အိမ်ရှင်ဆိုသည်ဟု မိန့်တော်မူ၏။
31. အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် လယ်၌စိုက်သော မုန်ညင်းစေ့နှင့်တူ၏။
32. မုန်ညင်းစေ့သည် အစေ့တကာတို့ထက် ငယ်သော်လည်း၊ ကြီးပွားသောအခါ မြက်ပင်တကာတို့ထက် ကြီးသဖြင့် မိုဃ်းကောင်းကင်ငှက်တို့သည်လာ၍ အကိုင်းအခက်တို့၌နားနေ မှီခိုလောက်သောအပင် ဖြစ်တတ် သည်ဟု မိန့်တော်မူ၏။
33. အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့်တူ၏။ မိန်းမသည် တဆေးကိုယူ၍ မုန့်ညက်သုံးတင်း၌ထည့်သဖြင့်၊ မုန့်ညက်ရှိသမျှကို ဖောင်းကြွစေတတ်သည်ဟု မိန့်တော်မူ၏။
34. ယေရှုသည် ဤဥပမာများတို့ကိုဆောင်၍ ပရိတ်သတ်များတို့အားဟောပြောတော်မူ၏။ ဥပမာကင်း၍ ဟောပြောတော်မမူ၊
35. ထိုသို့သောအားဖြင့် ပရောဖက်စကားဟူမူကား၊ ငါသည်နှုတ်ကိုဖွင့်၍ ဥပမာများကိုမြွက်ဆိုအံ့။ ကမ္ဘာဦးမှစ၍ ထိမ်ဝှက်သောအရာတို့ကိုဘော်ပြပေအံ့ဟု ဟောဘူးသောစကားသည် ပြည့်စုံခြင်းသို့ ရောက် သတည်း။
36. ထိုနောက်မှ ယေရှုသည် လူအစုအဝေးများကိုလွှတ်၍ အိမ်သို့ဝင်တော်မူပြီးမှ၊ တပည့်တော်တို့သည် ချဉ်းကပ်၍၊ လယ်၌ကြဲသောတောမျိုးစေ့၏ ဥပမာအနက်အဓိပ္ပါယ်ကို အကျွန်ုပ်တို့အား ဘော်ပြတော်မူပါဟု လျှောက်ကြလျှင်၊
37. ကိုယ်တော်က၊ ကောင်းသောမျိုးစေ့ကိုကြဲသောသူသည် လူသားဖြစ်၏။
38. လယ်ကား ဤလောကဖြစ်၏။ ကောင်းသောအစေ့ကား နိုင်ငံတော်သားဖြစ်၏။ တောမျိုးစေ့ကား နတ် ဆိုးသားဖြစ်၏။