20. နင်းနယ်လျက်ရှိသော ကျူပင်ကိုမချိုး၊ မီးခိုးများသော မီးစာကိုမသတ်။ တရားသည် အောင်မြင်ခြင်းသို့ ရောက်မည်အကြောင်း စီရင်လိမ့်မည်။
21. သူ၏နာမကိုလည်း လူအမျိုးမျိုးတို့သည် ကိုးစားကြလိမ့်မည်ဟု ဟောထားသတည်း။
22. ထိုအခါ နတ်ဆိုးစွဲသော လူကန်းလူအတယောက်ကို အထံတော်သို့ဆောင်ခဲ့ကြလျှင်၊ ထိုလူကန်းလူအသည် မျက်စိမြင်၍ စကားပြောနိုင်အောင်ကယ်မတော်မူ၏။
23. လူအစုအဝေးအပေါင်းတို့သည်မိန်းမောတွေဝေ၍ ဤသူသည် ဒါဝိဒ်၏သားတော်ဖြစ်လိမ့်မည်လောဟု ပြောဆိုကြ၏။
24. ဖာရိရှဲတို့သည်ကြားလျှင်၊ ဤသူသည် နတ်ဆိုးမင်းဗေလဇေဗုလကိုအမှီပြု၍သာ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟုဆိုကြ၏။
25. ယေရှုသည် ထိုသူတို့၏စိတ်ကို သိတော်မူသည်ဖြစ်၍၊ တိုင်းနိုင်ငံမည်သည်ကား၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် ပျက်စီးခြင်းသို့ရောက်လိမ့်မည်။ မြို့ရွာဖြစ်စေ၊ အိမ်ဖြစ်စေ၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ။
26. စာတန်သည်လည်း စာတန်ကိုနှင်ထုတ်သည်မှန်လျှင်၊ သူသည်မိမိနှင့်ကွဲပြား၏။ သူ၏နိုင်ငံသည် အဘယ်သို့ တည်နိုင်မည်နည်း။
27. ငါသည် ဗေလဇေဗုလကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်မှန်လျှင်၊ သင်တို့၏သားတို့သည် အဘယ်သူကို အမှီပြု၍နှင်ထုတ်ကြသနည်း။ ထိုကြောင့် သူတို့သည်သင်တို့အား တရားစီရင်သောသူဖြစ်ကြလိမ့်မည်။
28. ငါသည် ဘုရားသခင်၏ဝိညာဉ်တော်ကိုအမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ အကယ် စင်စစ် သင်တို့၌ ဘုရားသခင်၏ နိုင်ငံတော်တည်ချိန်ရောက်လေပြီ။
29. သူရဲကို ရှေ့ဦးစွာမချည်မနှောင်လျှင်၊ အဘယ်သူသည် သူရဲအိမ်သို့ဝင်၍ သူ၏ဥစ္စာကို လုယူနိုင် အံ့ နည်း။ သူရဲကို ချည်နှောင်ပြီးမှ သူ၏အိမ်ကို လုယူနိုင်၏။