14. ထိုအခါ ဖာရိရှဲတို့သည် ထွက်၍ ကိုယ်တော်ကို အဘယ်သို့ ဖျက်ဆီးရအံ့နည်းဟု တိုင်ပင်ကြ၏။
15. ယေရှုသည် သိတော်မူလျှင်၊ အခြားသို့ပြောင်းကြွ၍ များစွာသောလူအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြသဖြင့်၊ သူတို့၏ အနာရောဂါရှိသမျှတို့ကို ငြိမ်းစေတော်မူ၏။
16. ထိုသူတို့သည် သိတင်းတော်ကို မဖွင့်ရမည်အကြောင်း ပညတ်တော်မူ၏။
17. ထိုအကြောင်းအရာကား၊ ပရောဖက်ဟေရှာယ၏ နှုတ်ထွက်ပြည့်စုံမည်အကြောင်းတည်း။ နှုတ်ထွက် အချက်ဟူမူကား၊
18. ငါရွေးချယ်သော ငါ့ကျွန်ရင်း၊ ငါနှစ်သက်မြတ်နိုးသောသူကိုကြည့်ရှုလော့။ ထိုသူ၏အပေါ်၌ ငါ့ဝိညာဉ် ကို ငါတည်စေမည်။ သူသည် လူအမျိုးမျိုးတို့ကို တရားပေးလိမ့်မည်။
19. ငြင်းခုံခြင်း၊ ဟစ်ကြော်ခြင်းကို မပြုမူ၍၊ လမ်းခရီး၌ သူ၏အသံကို အဘယ်သူမျှမကြားစေရ။
20. နင်းနယ်လျက်ရှိသော ကျူပင်ကိုမချိုး၊ မီးခိုးများသော မီးစာကိုမသတ်။ တရားသည် အောင်မြင်ခြင်းသို့ ရောက်မည်အကြောင်း စီရင်လိမ့်မည်။
21. သူ၏နာမကိုလည်း လူအမျိုးမျိုးတို့သည် ကိုးစားကြလိမ့်မည်ဟု ဟောထားသတည်း။
22. ထိုအခါ နတ်ဆိုးစွဲသော လူကန်းလူအတယောက်ကို အထံတော်သို့ဆောင်ခဲ့ကြလျှင်၊ ထိုလူကန်းလူအသည် မျက်စိမြင်၍ စကားပြောနိုင်အောင်ကယ်မတော်မူ၏။
23. လူအစုအဝေးအပေါင်းတို့သည်မိန်းမောတွေဝေ၍ ဤသူသည် ဒါဝိဒ်၏သားတော်ဖြစ်လိမ့်မည်လောဟု ပြောဆိုကြ၏။
24. ဖာရိရှဲတို့သည်ကြားလျှင်၊ ဤသူသည် နတ်ဆိုးမင်းဗေလဇေဗုလကိုအမှီပြု၍သာ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟုဆိုကြ၏။
25. ယေရှုသည် ထိုသူတို့၏စိတ်ကို သိတော်မူသည်ဖြစ်၍၊ တိုင်းနိုင်ငံမည်သည်ကား၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် ပျက်စီးခြင်းသို့ရောက်လိမ့်မည်။ မြို့ရွာဖြစ်စေ၊ အိမ်ဖြစ်စေ၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ။
26. စာတန်သည်လည်း စာတန်ကိုနှင်ထုတ်သည်မှန်လျှင်၊ သူသည်မိမိနှင့်ကွဲပြား၏။ သူ၏နိုင်ငံသည် အဘယ်သို့ တည်နိုင်မည်နည်း။