8. နာသောသူတို့အား ချမ်းသာပေးကြလော့။ သေသောသူတို့ကို ထမြောက်စေကြလော့။ နူသောသူ တို့ကို သန့်ရှင်းစေကြလော့။ နတ်ဆိုးတို့ကိုလည်း နှင်ထုတ်ကြလော့။ သင်တို့သည် အဘိုးမပေးဘဲ ကျေးဇူးတော် ကို ခံရကြပြီဖြစ်၍ အဘိုးမခံဘဲ ပေးကမ်းကြလော့။
9. ရွှေ၊ ငွေ၊ ကြေးတို့ကို ခါးပန်းထဲ၌ မသိုမှီးကြနှင့်။
10. လမ်းခရီးဘို့ လွယ်အိတ်၊ အင်္ကျီနှစ်ထည်၊ ခြေနင်းတောင်ဝေးကို မသိုမှီးကြနှင့်။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် ကျွေးမွေးခြင်းကို ခံထိုက်ပေ၏။
11. မည်သည်မြို့ မည်သည်ရွာသို့ ဝင်လျှင်၊ ထိုမြို့ရွာ၌ အဘယ်မည်သောသူသည် ထိုက်တန်သနည်းဟု မေးမြန်း၍၊ ထိုမြို့ရွာမှ မထွက်မသွားမှီတိုင်အောင် ထိုသူ၏အိမ်တွင် နေကြလော့။
12. အိမ်သို့ ဝင်သောအခါ မင်္ဂလာရှိပါစေသောဟု နှုတ်ဆက်ခြင်းကို ပြုကြလော့။
13. ထိုအိမ်သည် ထိုက်တန်လျှင် သင်တို့မြွက်သော မင်္ဂလာရောက်စေသတည်း။ မထိုက်တန်လျှင် သင်တို့ ထံသို့ ပြန်လာစေသတည်း။
14. အကြင်သူသည် သင်တို့ကို လက်မခံ၊ သင်တို့၏ စကားကိုနားမထောင်ဘဲနေ၏။ ထိုသူနေသော အိမ်မှ၎င်း၊ မြို့မှ၎င်း ထွက်သွားစဉ်၊ သင်တို့၏ ခြေဘဝါးမှ မြေမှုန့်ကို ခါလိုက်ကြလော့။
15. ငါအမှန်ဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ ထိုမြို့သည် သောဒုံမြို့နှင့် ဂေါမောရမြို့ထက်သာ၍ ခံရလတံ့။
16. တောခွေးစုထဲသို့ သိုးတို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထိုကြောင့် သင်တို့သည် မြွေ ကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့။
17. လူတို့ကို သတိပြုကြ။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့အပ်နှံကြလိမ့်မည်။ တရားစရပ်တို့၌ ရိုက်ကြလိမ့်မည်။
18. ထိုသူတို့မှစ၍ တပါးအမျိုးသားတို့အား သက်သေဖြစ်စေခြင်းငှါ၊ မြို့ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် သင်တို့ကို ပို့ဆောင်ကြလိမ့်မည်။
19. သင်တို့ကို အပ်နှံသောအခါ အဘယ်သို့ ပြောရမည်ကို မစိုးရိမ်ကြနှင့်။ ပြောရသောစကားကို ထိုခဏ ခြင်းတွင် သင်တို့သည် ရကြလိမ့်မည်။
20. အကြောင်းမူကား၊ သင်တို့ အလိုအလျောက် ပြောကြသည်မဟုတ်။ သင်တို့အဘ၏ ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောတော်မူ၏။
21. ထိုအခါ ညီအစ်ကိုချင်း တယောက်ကိုတယောက် သေစေခြင်းငှါ အပ်ကြလိမ့်မည်။ အဘသည်လည်း သားကို အပ်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကို ရန်ဘက်ပြု၍ သေစေကြလိမ့်မည်။
22. လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။
23. တမြို့၌ သင်တို့ကိုညှဉ်းဆဲလျှင် တမြို့သို့ပြေးကြလော့။ ငါအမှန်ဆိုသည်ကား၊ ဣသရေလမြို့ရွာ ရှိသမျှတို့ကို သင်တို့ လှည့်လည်၍ မကုန်မှီ လူသားသည်ကြွလာလိမ့်မည်။
24. တပည့်သည် ဆရာထက်မသာ။ ကျွန်သည် သခင်ထက်မသာ။
25. တပည့်သည် ဆရာကဲ့သို့၎င်း၊ ကျွန်သည်သခင် ကဲ့သို့၎င်းဖြစ်လျှင် သင့်လောက်ပေ၏။ အိမ်ရှင်ကို ဗေလဇေဗုလဟုခေါ်ဝေါ်ကြလျှင်၊ အိမ်သူအိမ်သားတို့ကို သာ၍ ခေါ်ဝေါ်ကြလိမ့်မည်။
26. ထို့ကြောင့် သူတို့ကို မကြောက်ကြနှင့်။ ဖုံးထားလျက်ရှိသမျှသောအရာတို့သည် ပွင့်လိမ့်မည်။ ဆိတ် ကွယ်ရာ၌ ရှိသမျှတို့သည်လည်း ထင်ရှားလိမ့်မည်။