မြည်​တမ်း​စ​ကား 4:11-22 Judson Bible (BJB)

11. ထာဝရဘုရားသည် အမျက်တော်ကို စုံလင်စေတော်မူပြီ။ ပြင်းစွာသော အမျက်တော်အရှိန်ကို လွှတ်တော်မူပြီ။ ဇိအုန်မြို့ကို မီးရှို့၍ မြို့ရိုးအမြစ်တိုင်အောင် လောင်စေတော်မူပြီ။

12. ရန်ပြုသောသူနှင့်စစ်တိုက်သောသူသည် ယေရုရှလင်မြို့တံခါးအတွင်းသို့ ဝင်နိုင်သည်ဟု၊ လောကီ ရှင်ဘုရင်နှင့် လောကီသတ္တဝါ တစုံတယောက်မျှမယုံကြ။

13. ယေရုရှလင်မြို့အလယ်၌ ဖြောင့်မတ်သော သူတို့ကို သတ်တတ်သောမြို့သားပရောဖက်တို့၏ ဒုစရိုက်များနှင့်၊ ယဇ်ပုရောဟိတ်တို့၏အပြစ်များကြောင့် ဤအမှုသည် ရောက်လေပြီ။

14. ထိုသူတို့သည်အရူးကဲ့သို့လမ်း၌လှည့်လည်၍၊ လူအသွေးနှင့် လူးသောကြောင့်၊ သူတို့အဝတ်ကို အဘယ် သူမျှ မထိဝံ့။

15. သွားကြ။ မစင်ကြယ်သောသူတို့၊ သွားကြ၊ သွားကြ။ မထိကြနှင့်ဟု သူတပါးတို့သည်ဟစ်တတ်ကြ၏။ အဝေးသို့ပြေး၍ အရပ်ရပ်သို့လှည့်လည်ရသောအခါ သာသနာပလူတို့က၊ သူတို့သည် မတည်းမနေရဟု ဆိုတတ်ကြ၏။

16. ထာဝရဘုရားသည် အမျက်တော်ထွက်၍ သူတို့ကို ကွဲပြားစေတော်မူပြီ။ သူတို့အမှုကို ကြည့်ရှုတော်မမူ။ သူတပါးတို့သည်လည်း၊ ယဇ်ပုရောဟိတ်တို့ကို မရိုသေ၊ အသက်ကြီးသူတို့ကို အားမနာဘဲနေကြ၏။

17. ငါတို့သည်ရှိစဉ်တွင် မစမည့်သူကို မြော်လင့်၍ မမြင်ရကြ။ မကယ်တင်နိုင်သောလူမျိုးကို ကင်းစင်ပေါ်မှာ အကျိုးမရှိဘဲ စောင့်ကြပြီ။

18. ငါတို့သည် လမ်း၌မသွားရမည်အကြောင်း ငါတို့ခြေရာကို လိုက်ရှာကြ၏။ ငါတို့သည်ဆုံးချိန်နီးပြီ။ အသက်ရှင်ရသောကာလစေ့ပြီ။ ဆုံးချိန်ရောက်လေပြီ။

19. ငါတို့ကိုလိုက်၍ ရှာသောသူတို့သည် မိုဃ်းကောင်းကင် ရွှေလင်းတထက်သာ၍ လျင်မြန်ကြ၏။ တောင်ရိုးပေါ်မှာလိုက်ရှာကြ၏။ တော၌လည်း ချောင်းမြောင်းကြ၏။

20. ငါတို့ထွက်သက်ဝင်သက်တည်းဟူသော၊ ထာဝရ ဘုရားသည် ပေးတော်မူ၍ ဘိသိတ်ခံသောအရှင်ကို သူတို့သည် မြေတွင်း၌ ဘမ်းမိကြပြီ။ ထိုအရှင်၏ ဘုန်းတော်ကိုခိုလှုံ၍၊ ငါတို့သည်သာသနာပ လူတို့တွင် အသက်ချမ်းသာရလိမ့်မည်ဟု အထက်ကဆိုတတ်ကြ၏။

21. ဥဇပြည်၌ နေသော ဧဒုံသတို့သမီး၊ ဝမ်းမြောက် ရွှင်လန်းလော့။ ဖလားတော်သည် သင်ရှိရာသို့ ကူးသွားလိမ့်မည်။ သင်သည်ယစ်မူး၍ အဝတ်အချည်းစည်း ရှိရလိမ့်မည်။

22. အိုဇိအုန်သတို့သမီး၊ သင်ခံထိုက်သမျှသော အပြစ်ဒဏ်ကုန်ပြီ။ သင်သည် နောက်တဖန် သိမ်းသွား ခြင်းကိုမခံရ။ အိုဧဒုံသတို့သမီး၊ သင်ပြုသော ဒုစရိုက်ကို စစ်ကြော၍သင်၏အပြစ်ကို ဘော်ပြတော်မူမည်။

မြည်​တမ်း​စ​ကား 4