19. အကျွန်ုပ်ခံရသော ဆင်းရဲငြိုငြင်ခြင်းကို၎င်း၊ ဒေါနနှင့် သည်းခြေအရည်ကို၎င်း အောက်မေ့တော်မူပါ။
20. ဧကန်အမှန်အောက်မေ့တော်မူလိမ့်မည်။
21. ထိုသို့အကျွန်ုပ်၏ စိတ်နှလုံးသည် ဆင်ခြင်၍ သတိရသောအခါ မြော်လင့်စရာအခွင့်ရှိပါ၏။
22. ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏။
23. နံနက်တိုင်းကရုဏာတော်အသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။
24. ငါ့ဝိညာဉ်၏ သဘောဟူမူကား၊ ထာဝရဘုရားသည် ငါ၏အဘို့ဖြစ်တော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်ကို ငါမြော်လင့်ပါ၏။
25. ကိုယ်တော်ကို မြော်လင့်သောသူနှင့် ကိုယ်တော်ကို ရှာသောသူ၏ စိတ်ဝိညာဉ်အား ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၏။
26. ကယ်တင်တော်မူမည်ဟု မြော်လင့်လျက်၊ ငြိမ်ဝပ်စွာ စောင့်၍ နေကောင်း၏။
27. လူသည်အသက်ပျိုစဉ်အခါ ထမ်းဘိုးကို ထမ်းကောင်း၏။
28. ထမ်းဘိုးကို တင်တော်မူသောကြောင့် တယောက်တည်းထိုင်၍ ငြိမ်ဝပ်စွာနေစေ။
29. မြော်လင့်စရာအခွင့်ရှိကောင်းရှိလိမ့်မည်ဟု ထင်လျက်၊ မိမိနှုတ်ကို မြေမှုန့်၌ကပ်စေ။
30. ရိုက်သောသူအား မိမိပါးကိုပေး၍၊ ကဲ့ရဲ့ပြစ်တင်ခြင်းနှင့်ပြည့်ဝစေ။
31. အကြောင်းမူကား၊ ထာဝရဘုရားသည် အစဉ်စွန့်ပစ်တော်မမူတတ်။
32. ဝမ်းနည်းစေတော်မူသော်လည်း၊ ကရုဏာတော် များပြားသည်နှင့်အညီ သနားတော်မူလိမ့်မည်။
33. ဆင်းရဲစေချင်သော စိတ်နှင့်လူသားတို့ကို ညှဉ်းဆဲ၍ ဝမ်းနည်းစေတော်မူသည်မဟုတ်။
34. ချုပ်ထားသော ပြည်သားအပေါင်းတို့ကို ခြေနှင့် နင်းကြိတ်ခြင်းအမှု၊
35. လူခံထိုက်သောတရားကို အမြင့်ဆုံးသော ဘုရား မျက်မှောက်၌ ဖျက်ခြင်းအမှု၊
36. သူတပါးကိုမတရားသဖြင့် ရှုံးစေခြင်းအမှုတို့ကို ထာဝရဘုရားနှစ် သက်တော်မမူ။