မြည်​တမ်း​စ​ကား 1:1-12 Judson Bible (BJB)

1. စည်ပင်ခဲ့သော မြို့သည် လူဆိတ်ညံလျက် ထိုင်လေသည်တကား၊ လူမျိုးတို့တွင် ကြီးမြတ်ထူးသော သတို့သမီးသည် မုတ်ဆိုးမကဲ့သို့ဖြစ်၏။ အပြည်ပြည်တို့၏ သခင်မသည် အခွန်ပေးရ၏။

2. ညဉ့်အခါပြင်စွာ ငိုကြွေး၍၊ သူ၏ပါးသည် မျက်ရည်နှင့်စိုစွတ်လေ၏။ ရည်းစားအပေါင်းတို့တွင် နှစ်သိမ့်စေသောသူတယောက်မျှမရှိ။ အဆွေခင်ပွန်း အပေါင်းတို့သည် သစ္စာပျက်၍ ရန်သူဖြစ်ကြပြီ။

3. ယုဒသတို့သမီးသည် ညှဉ်းဆဲခြင်း၊ ကြမ်းတမ်းစွာ စေစားခြင်းကို ခံရသောကြောင့်ပြောင်းသွားပြီ။ သာသနာ ပလူတို့အထဲမှာနေလျက် ချမ်းသာမရ။ လိုက်သော သူအပေါင်းတို့သည် ကျဉ်းမြောင်းရာ၌ မှီကြ၏။

4. အဘယ်သူမျှပွဲသဘင်သို့ မလာသောကြောင့်၊ ဇိအုန်လမ်းတို့သည် ညည်းတွားကြ၏။ သူ၏မြို့တံခါး ရှိသမျှတို့သည် လူဆိတ်ညံလျက်ရှိကြ၏။ သူ၏ယဇ်ပုရောဟိတ်တို့သည်လည်း ညည်းတွားကြ၏။ သူ၏သမီးကညာ တို့သည်လည်း နာကြည်းသောစိတ်ရှိ၍၊ သူသည် ကိုယ်တိုင် ညှိုးငယ်လျက်နေရ၏။

5. သူပြစ်မှားသော အပြစ်များပြားသောကြောင့် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့်၊ သူနှင့် ဆန့်ကျင်ဘက်ပြုသော သူတို့သည် အစိုးရ၍၊ သူ၏ရန်သူတို့သည်ကောင်းစားကြပြီ။ သူ၏သားသမီးတို့ကိုလည်း ရန်သူသိမ်းသွားကြပြီ။

6. ဇိအုန်သတို့သမီး၏ ဂုဏ်အသရေသည်အကြွင်းမဲ့ကွယ်ပျောက်၏။ သူ၏မင်းသားတို့သည် ကျက်စားရာ ကိုရှာ၍ မတွေ့သော သမင်ဒရယ်ကဲ့သို့ဖြစ်၍၊လိုက်သော သူရှေ့မှာ အားမရှိဘဲ ပြေးသွားကြပြီ။

7. ယေရုရှလင်မြို့သည် ဆင်းရဲငြိုငြင်ခြင်းကို ခံရစဉ်တွင်၊ အရင်ခံစားဘူးသော စည်းစိမ်ကို အောက်မေ့၏။ သူ၏လူတို့သည် ရန်သူလက်သို့ ရောက်၍ မစသောသူမရှိသောအခါ၊ ဆန့်ကျင်ဘက်ပြုသောသူတို့သည် သူ၏အမှုကိုမြင်၍၊ သူ၏ဆုံးခြင်းကိုကဲ့ရဲ့ကြ၏။

8. ယေရုရှလင်မြို့ပြစ်မှားသောအပြစ်သည် အလွန်များသောကြောင့်၊ ရွံ့ရှာဘွယ် ဖြစ်လေ၏။ သူ့ကို ရိုသေဘူးသောသူ အပေါင်းတို့သည် သူ၌အချည်းစည်းရှိ ခြင်းကို မြင်သောကြောင့် မထီမဲ့မြင်ပြုကြ၏။ သူသည်လည်း ညည်းတွား၍ နောက်သို့ပြန်သွားလေ၏။

9. သူ၌မစင်ကြယ်သော လက္ခဏထင်ရှားသော်လည်း၊ နောက်ခံရသောအပြစ်ကို မအောက်မေ့။ ထိုကြောင့်၊ မျက်နှာပေးသောသူမရှိဘဲ အံ့ဩဘွယ်သော အခြင်းအရာနှင့်နှိမ်ချခြင်းသို့ ရောက်လေ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်ဆင်းရဲခြင်းကို ကြည့်ရှုတော်မူပါ။

10. ရန်သူသည် ကိုယ်ကိုချီးမြှောက်ပါပြီ။ ပရိသတ်တော်ထဲသို့ မဝင်ရဟုမြစ်တားတော်မူသော် သာသနာ ပလူတို့သည် သူ၏သန့်ရှင်းရာဌာနတောင်ထဲသို့ ဝင်ကြောင်းကို သူမြင်ရပါ၏။

11. သူ၏လူအပေါင်းတို့သည် ညည်းတွားလျက်၊ မုန့်ကိုရှာလျက် နေကြ၏။ သေဘေးနှင့်လွတ်ခြင်းငှါ မိမိစည်းစိမ်ကို စားစရာဘို့ စွန့်ရ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှုတ်ချခြင်းကို ခံရသောကြောင့် ကြည့်ရှုဆင်ခြင်တော်မူပါ။

12. အိုခရီးသွားသောသူ အပေါင်းတို့၊ ကြည့်ရှုဆင်ခြင်ကြလော့။ ထာဝရဘုရားသည် ပြင်းစွာအမျက်တော်ထွက်သော နေ့၌ငါ့ကိုညှဉ်းဆဲ၍၊ ဖြစ်စေတော်မူသော ဒုက္ခနှင့်တူသော ဒုက္ခရှိသလော။

မြည်​တမ်း​စ​ကား 1