14. လောဒိကိမြို့၌ရှိသော အသင်းတော်၏ တမန် ကိုဤသို့ ရေး၍ မှာလိုက်လော့။ ဘုရားသခင်၏ ဝေနေယျသတ္တဝါတို့အထွဋ်၊ သစ္စာရှိ၍ ဟုတ်မှန်သော သက်သေခံ၊ အာမင်၏ အမိန့်တော်ကား၊
15. သင်၏အကျင့်ကိုငါသိ၏။ သင်သည် အဧမဟုတ်၊ အပူမဟုတ်သည်ကို ငါသိ၏။ ဧခြင်းဖြစ်စေ။ ပူခြင်းဖြစ်စေ၊ တခုခုကို ငါအလိုရှိ၏။
16. ထိုသို့အဧမဟုတ်၊ အပူမဟုတ်၊ နွေးရုံရှိသောကြောင့် ငါ၏ခံတွင်းသည် သင့်ကိုထွေးလုပြီ။
17. သင်ကလည်း၊ ငါသည်ဥစ္စာရတတ်၏။ ဘဏ္ဍာများကိုဆည်းဖူးပြီး။ တစုံတခုကိုမျှမလိုဟုပြောဆို၍ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဘွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်းရှိခြင်း ဖြစ်သည်ကို မသိပါတကား။
18. သင်သည်ဥစ္စာရတတ်ခြင်းငှါ၊ မီးနှင့်ချွတ်ပြီးသောရွှေကို၎င်း၊ အဝတ်အချည်းစည်းရှိ၍၊ သူတပါး ရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့၊ ဖြူသောအဝတ်ကို၎င်း ငါ့ထံမှာဝယ်လော့။ သင်၏မျက်စိမြင်စေခြင်းငှါ၊ မျက်စိ၌မျက်စဉ်းခတ်လော့ဟု သင့်အားငါသည် အကြံပေး၏။
19. ငါချစ်သမျှသော သူတို့၏အပြစ်ကိုငါစစ်ဆေး၍ သူတို့ကိုဆုံး မတတ်၏။ ထိုကြောင့် ကိုယ်စိတ်ကို ကိုယ်နှိုးဆော်လော့။ နောင်တရလော့။
20. ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။
21. ငါသည်အောင်မြင်၍ ငါ့ခမည်းတော်၏ ပလ္လင်တော်ပေါ်မှာ ခမည်းတော်နှင့်အတူထိုင်နေသကဲ့သို့၊ အောင်မြင်သော သူသည်ငါ၏ ပလ္လင်ပေါ်မှာ ငါနှင့်အတူ ထိုင်နေရသောအခွင့်ကိုငါပေးမည်။
22. ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေဟုမိန့်တော်မူ၏။