15. ထိုအယူနှင့်သဘောတူသော နိကောလတပည့်တို့၏ အယူကို စွဲလမ်းသော သူတို့သည် ထိုနည်းတူ သင်၌ရှိကြ၏။
16. ထိုကြောင့်နောင်တရလော့။ မရလျှင်သင်ရှိရာသို့ငါသည် အလျင်အမြန်လာမည်။ ထိုသူတို့ကို ငါ့ခံတွင်း၏သန်လျက်နှင့် စစ်တိုက်မည်။
17. ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူမည်သည်ကား ကြားပါစေ။ အကြင်သူသည် အောင်မြင်၏။ ဝှက်ထားသောမန္နကို၎င်း၊ ကျောက်ဖြူလက်ဖွဲ့ကို၎င်း၊ ထိုကျောက်ပေါ်၌ အက္ခရာတင်သောနာမသစ်ကို၎င်း ထိုသူအား ငါပေးမည်။ ထိုကျောက်ကိုရသော သူမှတပါး အဘယ်သူမျှ ထိုနာမကို မသိနိုင်ရာ။
18. သွာတိရမြို့၌ ရှိသောအသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ မီးလျှံကဲ့သို့သော မျက်စိနှင့်၎င်း ၊ ကြေးဝါစစ်နှင့်တူသောခြေနှင့်၎င်း၊ ပြည့်စုံသော ဘုရားသခင့်သားတော်၏ အမိန့်တော်ကား၊
19. သင်အကျင့်ကျင့်ခြင်း၊ ချစ်ခြင်း၊ အမှုဆောင်ခြင်း၊ ယုံကြည်ခြင်း၊ သည်းခံခြင်းကို၎င်း နောက်ကျင့် သောအကျင့်တို့သည် အရင်ကျင့်သောအကျင့်ထက် သာ၍ များကြောင်းကို၎င်း ငါသိ၏။
20. သို့သော်လည်း၊ ငါ၏အစေခံကျွန်တို့သည် မတရားသော မေထုန်ကို ပြုစေခြင်းငှါ၎င်း၊ ရုပ်တု ရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို စားစေခြင်းငှါ၎င်း၊ ပရောဖက်မဟူ၍ ကိုယ်ကိုခေါ်ဝေါ်သောသင်၏ ခင်ပွန်း ယေဇဗေလသည် သွန်သင်၍ မှားယွင်းစေရသောအခွင့်ကို သင်သည်ပေးသောကြောင့်၊ သင်၌ အပြစ်တင်စရာ ရှိ၏။
21. နောင်တရသင့်သောကာလကို ငါပေးသော်လည်း၊ သူသည် မိမိမတရားသောမေထုန်ကို နောင်တ ရချင်သော စိတ်မရှိ။
22. ထိုကြောင့်၊ သူ့ကိုအိပ်ရာ၌ငါချထားမည်။ သူနှင့်အတူ မတရားသော မေထုန်ကိုပြု၍၊ ထိုသို့သော အကျင့်ကိုနောင်တမရသောသူတို့ကိုလည်း၊ ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်စေမည်။
23. သူ၏သားသမီးတို့ကိုလည်း အသေသတ်မည်။ ငါသည် နှလုံးကျောက်ကပ်ကို စစ်ဆေးတော်မူသော သူဖြစ်ကြောင်းကို ထိုသို့သောအားဖြင့် ခပ်သိမ်းသော အသင်းတော်တို့သည် သိရကြလိမ့်မည်။ သင်တို့သည် အသီးအသီးကျင့်သော အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ငါပေးမည်။
24. ထိုမိစ္ဆာဒိဌိအယူကို ယူသောသူတို့ ခေါ်ဝေါ် သည်နှင့်အညီ၊ စာတန်၏ နက်နဲသောအရာဟုခေါ်ဝေါ်သောအရာတို့ကို မကျွမ်း၊ ထိုမိစ္ဆာဒိဌိအယူကိုမယူ၊ ကြွင်းသောသွာတိရမြို့သားတို့ကို ငါဆိုသည်ကား၊ သင်တို့သည် ရသမျှကို ငါလာသည်တိုင်အောင် စွဲကိုင်ကြလော့။
25. ထိုမှတပါး အခြားသောဝန်ကို သင်တို့အပေါ်၌ ငါမတင်။
26. အကြင်သူသည်အောင်မြင်၍ အဆုံးတိုင်အောင် ငါ့အကျင့်ကိုကျင့်၏။ ငါ့ခမည်းတော်သည် ငါ့အား အခွင့် ပေးတော်မူသကဲ့သို့၊ လူမျိုးတို့ကို အုပ်စိုးစေခြင်းငှါ ထိုသူအားငါသည် အခွင့်ပေးမည်။
27. ထိုသူသည် သူတို့ကိုသံလှံတံနှင့်အုပ်စိုး၍၊ မြေအိုးကိုခွဲဖျက် သကဲ့သို့ ခွဲဖျက်လိမ့်မည်။
28. မိုဃ်းသောက်ကြယ်ကိုလည်း ထိုသူအား ငါပေးမည်။
29. ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ။