နေ​ဟ​မိ 9:4-17 Judson Bible (BJB)

4. ထိုအခါ လေဝိသားယောရှု၊ ဗာနိ၊ ကပ်မျေလ၊ ရှေဗနိ၊ ဗုန္နိ၊ ရှေရဘိ၊ ဗာနိ၊ ခေနနိတို့သည် ပလ္လင်ပေါ်မှာရပ်၍၊ သူတို့၏ ဘုရားသခင် ထာဝရဘုရားအား ကြီးစွာသောအသံနှင့် ကြွေးကြော်ကြ၏။

5. တဖန်လေဝိသားယောရှု၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟောဒိယ၊ ရှေဗနိ၊ ပေသဟိတို့က ထကြလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် အစဉ်အမြဲမင်္ဂလာရှိတော်မူစေသတည်းဟု ကောင်းကြီးပေးကြလော့။ ကောင်းကြီးပေးခြင်း၊ ချီးမွမ်းခြင်းအမျိုးမျိုးထက် ကြီးမြင့်၍ ဘုန်းကြီးသော ကိုယ်တော်၏နာမသည် မင်္ဂလာရှိပါစေသတည်း။

6. ကိုယ်တော်သာလျှင် ထာဝရဘုရားဖြစ်တော်မူ၏။ အမြင့်ဆုံးသော ကောင်းကင်နှင့် ကောင်းကင်ဗိုလ်ခြေအပေါင်းတို့ကို၎င်း၊ မြေကြီးနှင့်မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကို၎င်း၊ ပင်လယ်နှင့် ပင်လယ်၌ပါသမျှတို့ကို၎င်း ဖန်ဆင်းတော်မူ၏။ အလုံးစုံတို့ကို စောင့်မတော် မူ၏။ ကောင်းကင်ဗိုလ်ခြေတို့သည် ကိုယ်တော်ကို ကိုးကွယ်ကြပါ၏။

7. အိုထာဝရ အရှင်ဘုရားသခင်၊ ကိုယ်တော်သည် အာဗြံကို ရွေးချယ်၍ ခါလဒဲပြည်၊ ဥရမြို့မှခေါ်ခဲ့ပြီးလျှင် အာဗြဟံဟူသော အမည်ကို ပေးတော် မူ၏။

8. ရှေ့တော်၌ သူ့သဘောဖြောင့်သည်ကို တွေ့သောကြောင့်၊ ခါနနိပြည်၊ ဟိတ္တိပြည်၊ အာမောရိပြည်၊ ဖေရဇိပြည်၊ ယေဗုသိပြည်၊ ဂိရဂါရှိပြည်တို့ကို အာဗြဟံအမျိုးအနွယ်အား ငါပေးမည်ဟု ဝန်ခံသည်အတိုင်း သစ္စာတော်မပျက်ပြုတော်မူ၏။

9. အဲဂုတ္တုပြည်၌ အကျွန်ုပ်တို့၏ ဘိုးဘေးများ ခံရသောညှဉ်းဆဲခြင်းကိုမြင်၍၊ ဧဒုံပင်လယ်နားမှာ သူတို့ အော်ဟစ်သောအသံကို ကြားတော်မူ၏။

10. ဖာရောဘုရင်နှင့် သူ၏ကျွန်များ၊ ပြည်သူပြည်သားအပေါင်းတို့သည် အကျွန်ုပ်တို့၏ဘိုးဘေးတို့ကို စော်ကားစွာပြုသောကြောင့်၊ ကိုယ်တော်သည် ကြည့်ရှု၍နေတော်မမူ။ ထိုပြည်သားတို့၌ နိမိတ်လက္ခဏာနှင့် အံ့ဘွယ်သောအမှုတို့ကို ပြတော်မူ၍၊ သိတင်းတော်သည် ယနေ့တိုင်အောင် ကျော်စောလျက်ရှိပါ၏။

11. သူတို့သည်ပင်လယ်အလယ်၌ မြေပေါ်မှာရှောက်သွားမည်အကြောင်း သူတို့ရှေ့မှာ ပင်လယ်ကိုခွဲတော်မူ၏။ ညှဉ်းဆဲသော သူတို့ကိုကား၊ နက်သောရေထဲသို့ ကျောက်ကိုပစ်သကဲ့သို့ ပစ်တော်မူ၏။

12. ထိုမှတပါး၊ နေ့အချိန်၌ မိုဃ်းတိမ်တိုင်အားဖြင့်၎င်း၊ ညဉ့်အချိန်၌ သူတို့သွားရာလမ်းကို လင်းစေသောမီးတိုင်အားဖြင့်၎င်း၊ သူတို့ကို ပို့ဆောင်တော်မူ၏။

13. ကိုယ်တော်တိုင်လည်း၊ သိနာတောင်ပေါ်သို့ဆင်းသက်၍ မိုဃ်းကောင်းကင်ထဲက ဗျာဒိတ်သံကို လွှတ်သဖြင့်၊ ဟုတ်မှန်ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက်ပညတ်တရားတို့ကို အပ်ပေးတော်မူ၏။

14. သန့်ရှင်းသော ဥပုသ်နေ့ရက်တော်ကို ဘော်ပြ၍၊ ကိုယ်တော် ကျွန်မောရှေအားဖြင့် နည်းနာဥပဒေသပညတ်တရားတို့ကိုလည်း ထားတော်မူ၏။

15. သူတို့မွတ်သိပ်ခြင်းနှင့် ရေငတ်ခြင်းကို ပြေစေခြင်းငှါ၊ မိုဃ်းကောင်းကင်မုန့်နှင့် ကျောက်ထဲကထုတ်သောရေကို ပေးတော်မူ၏။ သူတို့ပိုင်ဘို့ကျိန်ဆိုတော်မူသောပြည်ထဲသို့ဝင်၍ သိမ်းယူမည်အကြောင်း မိန့်တော်မူ၏။

16. သို့ရာတွင် အကျွန်ုပ်တို့ဘိုးဘေးတို့သည် မာနထောင်လွှား၍၊ ခိုင်မာသောလည်ပင်းနှင့် ပညတ်တော်ကို နားမထောင်ကြ။

17. သူတို့တွင် ပြုတော်မူသော အံ့ဘွယ်သောအမှုတို့ကို မအောက်မေ့။ အာဏာတော်ကိုငြင်းဆန်လျက်၊ လည်ပင်းခိုင်မာသည် ဖြစ်၍၊ ကျွန်ခံရာ အဲဂုတ္တုပြည်သို့ ပြန်လိုသောငှါ၊ လူကြီးတဦးကိုချီးမြှောက်ကြ၏။ သို့ရာတွင် ကိုယ်တော်သည် အပြစ်ကိုဖြေတတ်သောဘုရား၊ ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်းနှင့် ကြွယ်ဝသော ဘုရားဖြစ်တော်မူသောကြောင့် သူတို့ကို စွန့်ပစ်တော်မမူ။

နေ​ဟ​မိ 9