22. နောက်မှတပါးအမျိုးသားတို့၏ တိုင်းနိုင်ငံများကို သူတို့အား အကုန်အစင်ဝေဖန်၍ ပေးသနားတော်မူသဖြင့်၊ သူတို့သည် ဟေရှဘုန် ရှင်ဘုရင်ရှိဟုန်နှင့် ဗာရှန်ရှင်ဘုရင်ဩဃအစိုးရသောပြည်တို့ကို သိမ်းယူ ကြ၏။
23. သူတို့သားမြေးတို့ကို မိုဃ်းကောင်းကင်ကြယ်ကဲ့သို့ များပြားစေတော်မူ၏။ အကြင်ပြည်ထဲသို့ သူတို့ ဝင်၍ သိမ်းယူမည်အကြောင်း၊ သူတို့၏ ဘိုးဘေးတို့အား ဂတိထားတော်မူ၏။ ထိုပြည်ထဲသို့သွင်းတော်မူသဖြင့်၊
24. သားမြေးတို့သည်ဝင်၍ သိမ်းယူကြ၏။ သူတို့ ရှေ့မှာ ထိုပြည်သား ခါနာနိလူတို့ကို နှိပ်စက်တော်မူ၍၊ ရှင်ဘုရင်အစရှိသော ပြည်သူပြည်သားတို့ကို ပြုချင်သမျှ ပြုရသောအခွင့်နှင့် သူတို့လက်သို့ အပ်တော်မူ၏။
25. ထိုသို့သူတို့သည် ခိုင်ခံ့သောမြို့များ၊ မြေကောင်းသောပြည်၊ ဥစ္စာနှင့် ပြည့်သောအိမ်၊ တူးပြီးသောရေတွင်း၊ များပြားသော စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်၊ အသီးသီးသော အပင်တို့ကိုသိမ်းယူ၍၊ ဝစွာစားသောက်လျက် အသားဆူဖြိုး၍ ကျေးဇူးတော်ကြွယ်ဝခြင်း၌ မွေ့လျော်ကြ၏။
26. သို့ရာတွင် အမိန့်တော်ကို နားမထောင်၊ ပုန်ကန် လျက် တရားတော်ကို ကျောနောက်သို့ ပစ်ထားကြ၏။ အထံတော်သို့ ပြန်လာစေခြင်းငှါ၊ ဆုံးမသော ကိုယ်တော်၏ပရောဖက်တို့ကို သတ်၍ အလွန်ပြစ်မှားခြင်းကို ပြုကြ၏။
27. ထိုကြောင့်၊ သူတို့ကို နှောင့်ရှက်သော ရန်သူလက်သို့ အပ်လိုက် တော်မူ၏။ ဆင်းရဲခံရ၍ ကိုယ်တော်ကိုအော်ဟစ်ကြသောအခါ၊ ကောင်းကင်ဘုံကနားထောင်၍၊ ကရုဏာကျေးဇူးတော် ကြွယ်ဝသည်အတိုင်း၊ ရန်သူလက်မှ ကယ်လွှတ်သော ကျေးဇူးရှင်တို့ကို ပေါ်ထွန်းစေတော်မူ၏။
28. တဖန်ချမ်းသာရသောအခါ၊ ရှေ့တော်၌ ဒုစရိုက်ကို ပြုပြန်ကြသောကြောင့်၊ ရန်သူအစိုးရမည်အကြောင်း တဖန်အပ်တော်မူ၏။ သူတို့သည်ပြန်လာ၍ ကိုယ်တော်ကို အော်ဟစ်ကြသောအခါ၊ ကောင်းကင်ဘုံ ကနားထောင်၍၊ ကရုဏာတော်ရှိသည်အတိုင်း အထပ်ထပ် ကယ်တင် တော်မူ၏။
29. တရားတော်ကိုကျင့်ပြန်စေခြင်းငှါ ဆုံးမတော်မူသော်လည်း၊ သူတို့သည် နားမထောင်၊ မာနထောင်လွှားကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာ အကြောင်းဖြစ်သော စီရင်တော်မူချက်တို့ကို လွန်ကျူးကြ၏။ ခိုင်မာသော လည်ပင်းနှင့် ရုန်းလျက်နားမထောင်ဘဲ နေကြ၏။
30. နှစ်ပေါင်းများစွာ သူတို့ကိုသည်းခံ၍၊ ကိုယ်တော်၏ ပရောဖက်တို့၌ရှိသော ကိုယ်တော်၏ ဝိညာဉ်အားဖြင့် ဆုံးမတော်မူသော်လည်း သူတို့သည် နားမထောင်သောကြောင့်၊ ဤပြည်သူပြည်သားတို့လက်သို့ အပ်တော်မူ၏။
31. သို့ရာတွင် ကိုယ်တော်သည် ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံသောဘုရားဖြစ်၍၊ ကရုဏာတော် ကြွယ်ဝသောကြောင့်၊ သူတို့ကို ရှင်းရှင်းဖျက်ဆီးတော်မမူ။ စွန့်ပစ်တော်မမူ။
32. သို့ဖြစ်၍၊ အို အကျွန်ုပ်တို့၏ဘုရား၊ ကြီးမြတ်၍ မဟာတန်ခိုးနှင့် ပြည့်စုံလျက် ကြောက်မက်ဘွယ်သောဘုရား၊ ကရုဏာပဋိညာဉ်တော်ကို စောင့်တော်မူသောဘုရား၊ အာရှုရိရှင်ဘုရင်လက်ထက်မှစ၍ ယနေ့တိုင် အောင်၊ အကျွန်ုပ်တို့ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ အဆွေအမျိုးသူကြီး၊ ကိုယ်တော်၏ လူအပေါင်းတို့အပေါ်သို့ ရောက်သော ဘေးဒဏ်ရှိသမျှကို ပမာဏမပြုဘဲ နေတော်မမူပါနှင့်။
33. ကိုယ်တော်မူကား အကျွန်ုပ်တို့အပေါ်သို့ရောက်စေသမျှသော အမှု၌တရားတော်မူ၏။ အကျွန်ုပ်တို့သည် မတရားသဖြင့် ပြုကြပါပြီ။ ကိုယ်တော်သည် တရားသဖြင့်သာ စီရင်တော်မူပြီ။
34. အကျွန်ုပ်တို့ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ အဆွေအမျိုးသူကြီးတို့သည် တရားတော်ကိုမစောင့်။ ပေးထားတော်မူသော ပညတ်များနှင့် သက်သေခံချက်များတို့ကို နားမထောင်ကြ။
35. ကြီးသောကျေးဇူးကို ပြုလျက်အပ်ပေးတော်မူ၍၊ သူတို့ပိုင်သောနိုင်ငံ၊ သနားတော်မူသောပြည်ကြီး၊ ပြည်ကောင်း၌နေရသော်လည်း၊ အမှုတော်ကိုမဆောင်မရွက်၊ မိမိတို့ပြုသော ဒုစရိုက်ကို မရှောင်ဘဲနေကြပါ၏။
36. ဘိုးဘေးတို့သည် အလွန်မြတ်သော အသီးအနှံကို စားရသော အခွင့်နှင့်သူတို့အား ပေးသနားတော် မူသော ပြည်၌ အကျွန်ုပ်တို့သည် ယနေ့ အစေခံကျွန် ဖြစ်ကြပါ၏။ သူ့ကျွန်ခံရကြပါ၏။
37. အကျွန်ုပ်တို့အပြစ်ကြောင့်၊ အကျွန်ုပ်တို့အပေါ်မှာ ခန့်ထားတော်မူသော ရှင်ဘုရင်တို့သည် ဤပြည်၌ ကြွယ်ဝစွာဖြစ်သော အသီးအနှံကို သိမ်းစားမြဲရှိကြပါ၏။ အကျွန်ုပ်တို့၏ ကိုယ်နှင့် တိရစ္ဆာန်များကို သူတို့သည် ကိုယ်အလိုအလျောက် အစိုးပိုင်၍၊ အကျွန်ုပ်တို့သည် အလွန်ဆင်းရဲခံလျက်နေရပါသည်ဟု မြွက်ဆိုကြ၏။
38. ထိုအကြောင်းအရာများကို ငါတို့သည် ဆင်ခြင်ပြီးမှ၊ သစ္စာပြု၍ စာချုပ်ကိုလည်းရေးထားလျက်၊ ငါတို့ အကြီးအကဲ၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် တံဆိပ်ခတ်ကြ၏။