9. အခန်းများကို စင်ကြယ်စေခြင်းငှါစီရင်၍၊ တဖန်ဘုရားသခင်၏ အိမ်တော်တန်ဆာများ၊ ဘောဇဉ် ပူဇော်သက္ကာ၊ နံ့သာပေါင်းကို ဆောင်ခဲ့၍ သိုထား၏။
10. အမှုတော်စောင့်၊ လေဝိသား၊ သီချင်းသည် တို့သည် အသီးအသီး မိမိတို့လယ်ယာသို့ ပြေးသွားကြ သည်ကို ငါထောက်၍၊ သူတို့ခံအပ်သော စားစရာ ရိက္ခာကို မခံမရကြောင်းကို ငါရိပ်မိလျက်၊
11. ဘုရားသခင်၏ အိမ်တော်ကို အဘယ်ကြောင့် စွန့်ပစ်ကြသနည်းဟု မင်းတို့ကို အပြစ်တင်၍၊ လေဝိသား တို့ကို စုဝေးစေပြီးမှ၊ သူတို့နေရာ၌ ခန့်ထားပြန်၏။
12. ထိုအခါ ယုဒလူအပေါင်းတို့သည် ဆန်စပါး၊ စပျစ်ရည်၊ ဆီဆယ်ဘို့တဘို့ကို ဘဏ္ဍာတော်တိုက်သို့ ဆောင်ခဲ့ပြန်ကြ၏။
13. ယဇ်ပုရောဟိတ် ရှေလမိ၊ ကျမ်းတတ်ဇာဒုတ်၊ လေဝိသား ပေဒါယ၊ သူ့နောက်မဿနိသားဖြစ်သော ဇက္ကုရ၏သား ဟာနန်တို့ကို ဘဏ္ဍာတော်တိုက်စိုးအရာ၌ ငါခန့်ထား၏။ ထိုသူတို့သည် သစ္စာစောင့်ခြင်း အသရေ ရှိသည်ဖြစ်၍၊ အမျိုးသားချင်းတို့အား ဝေဖန်ရကြ၏။
14. အို အကျွန်ုပ်၏ ဘုရားသခင်၊ ထိုအမှုကြောင့် အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်၏ ဘုရားသခင့် အိမ်တော်အဘို့၊ အိမ်တော်အမှုစောင့်ခြင်းအဘို့ အကျွန်ုပ်ပြုသော ကျေးဇူးကို ချေတော်မမူပါနှင့်။
15. ထိုကာလ၊ ယုဒပြည်မှာ အချို့တို့သည် ဥပုသ်နေ့ ၌ စပျစ်သီးကို နယ်လျက်၊ ကောက်လှိုင်းကိုသွင်းလျက်၊ မြည်းပေါ်မှာ ဝန်ကိုတင်လျက် လုပ်ဆောင်ကြသည်ကို၎င်း၊ ဥပုသ်နေ့၌စပျစ်ရည်၊ စပျစ်သီး၊ သင်္ဘော သဖန်းသီး အစရှိသည်တို့ကိုတင်၍ ယေရုရှလင်မြို့သို့ ဆောင်ခဲ့ကြ သည်ကို၎င်း ငါမြင်၍၊ ဤမည်သော နေ့ရက်၌သာ စားစရာများကို ရောင်းအပ်သည်ဟု သူတို့အကြားပြော၏။