1. ယုဒရှင်ဘုရင်ယောယကိမ်နန်းစံသုံးနှစ်တွင်၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့သို့ ချီလာ၍ ဝန်းရံလေ၏။
2. ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောယကိမ်မှစ၍ ဗိမာန်တော်တန်ဆာအချို့တို့ကို နေဗုခဒ်နေဇာ လက်သို့ အပ်နှံတော်မူ၍၊ ထိုတန်ဆာများကို နေဗုခဒ်နေဇာမင်းသည် ရှိနာပြည်၌ရှိသော မိမိဘုရား၏ကျောင်း သို့ ယူသွားပြီးလျှင်၊ ရွှေတိုက်၌ သွင်းထားတော်မူ၏။
3. ထိုအခါရှင်ဘုရင်သည် မိန်းမစိုးအုပ် အာရှ ပေနတ်ကို ခေါ်တော်မူ၍၊
4. မကောင်းသော လက္ခဏာကင်းလျက်၊ လှသောအဆင်းသဏ္ဌာန်နှင့်ပြည့်စုံ၍၊ ကောင်းသောဥာဏ်နှင့် တကွ အထူးထူးအပြားပြားသော အတတ်ပညာများကို လေ့ကျက်၍၊ နန်းတော်၌ အမှုထမ်းခြင်းငှါ တတ်စွမ်း နိုင်သောလူပျိုတို့ကို ဣသရေလမင်းမျိုးမင်းသားထဲက ရွေးကောက်၍၊ ခါလဒဲဘာသာအတတ်ကို သင်စေဟု အမိန့်တော်ရှိ၏။
5. ပွဲတော်မှ ကြွင်းသောအစာနှင့် သောက်တော်မူ သော စပျစ်ရည်ကို နေ့တိုင်းပေး၍ သုံးနှစ်ကျွေးမွေးပြီးမှ၊ အမှုတော်ထမ်းရမည်အကြောင်း စီရင်တော်မူ၏။
6. ထိုသူတို့တွင် ယုဒအမျိုးသားဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့သည် ပါကြ၏။
7. မိန်းမစိုးအုပ်သည် ထိုသူတို့ကို အမည်နာမလဲ၍၊ ဒံယေလကို ဗေလတရှာဇာ၊ ဟာနနိကိုရှာဒရက်၊ မိရှေလ ကိုမေရှက်၊ အာဇရိကို အဗေဒနေဂေါဟု၊ အသီးအသီး အမည်အသစ်ကို ပေး၏။
8. ဒံယေလမူကား၊ ပွဲတော်မှကြွင်းသောအစာနှင့် သောက်တော်မူသော စပျစ်ရည်ကို မသောက်မစားဘဲ၊ ညစ်ညူးခြင်းကို ရှောင်မည်ဟု အကြံရှိ၍၊ မိမိကို မညစ်ညူး စေမည်အကြောင်း၊ မိန်းမစိုးအုပ်ကို အခွင့်တောင်း၏။
9. ဘုရားသခင်ပြုပြင်တော်မူသောအားဖြင့်၊ မိန်းမ စိုးအုပ်သည် ဒံယေလကို အလွန်ချစ်သနားသော်လည်း၊
10. ငါ့သခင်ကြည့်ရှုစေခြင်းငှါ မိန်းမစိုးအုပ်ခန့်ထား သော စားတော်ကဲကို ငါကြောက်၏။ သင်တို့အစား အသောက်ကို စီရင်တော်မူပြီ။ သင်တို့ မျက်နှာသည် အရွယ်တူ လူပျိုတို့၏ မျက်နှာလောက် အဆင်းမလှ သည်ကို မြင်တော်မူလျှင်၊ သင်တို့အတွက် ငါသည် ရာဇဝတ်သင့်၍ အသက်မလွတ်ရဟု ဒံယေလကို ပြောဆို၏။
11. ထိုအခါ ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိ တို့ကို ကြည့်ရှုစေခြင်းငှါ မိန်းမစိုးအုပ်ခန့်ထားသော စားတော်ကဲကို ဒံယေလက၊
12. အကျွန်ုပ်တို့ စားသောက်စရာဘို့ ဟင်းသီး ဟင်းရွက်နှင့် ရေကိုသာ ဆယ်ရက်ပတ်လုံးပေးစမ်းပါ။