ထွက်​မြောက် 40:13-30 Judson Bible (BJB)

13. အာရုန်သည်ငါ့ရှေ့၌၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သန့်ရှင်းသောအဝတ်နှင့်ဝတ်စေ၍ ဆီလိမ်းသဖြင့် သန့်ရှင်းစေရမည်။

14. သူ၏သားတို့သည်လည်း ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့ကိုခေါ်ခဲ့၍ အင်္ကျီဝတ်စေလျက်၊ သူတို့အဘကို ဆီလိမ်းသကဲ့သို့၊ သူတို့ကိုဆီလိမ်းရမည်။

15. အကယ်စင်စစ် သူတို့ဆီလိမ်းခြင်းဘိသိက်သည် သားစဉ်မြေးဆက်ပတ်လုံး၊ ထာဝရယဇ်ပုရောဟိတ်အရာဖြစ်သတည်းဟု၊

16. ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း မောရှေပြုလေ၏။

17. သက္ကရာဇ်နှစ်ခု၊ ပဌမလ၊ ပဌမနေ့၌ မောရှေသည် တဲတော်ကိုဆောက်လေ၏။

18. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ခြေစွပ်များကိုနေရာချ၍၊ ပျဉ်ပြားများကိုထောင်ပြီးလျှင်၊ ကန့်လန့်ကျင်များကိုလျှို၍၊ တိုင်တို့ကိုထူလေ၏။

19. တဲတော်အပေါ်မှာ တဲကိုဖြန့်မိုး၍ ထိုတဲအပေါ်မှာလည်း အထပ်ထပ် မိုးပြန်လေ၏။

20. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ သက်သေခံချက်ကို သေတ္တာထဲမှာ သွင်းထား၍၊ သေတ္တာကွင်းတို့၌ ထမ်းဘိုးကိုလျှို၍၊ သေတ္တာပေါ်အဖုံးကိုတင်ပြီးမှ၊

21. သေတ္တာကို တဲတော်၌သွင်း၍ ကွယ်ကာရာအတွင်းကုလားကာကို ကာထားသဖြင့်၊ သက်သေခံချက်သေတ္တာကို ကွယ်ကာလေ၏။

22. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ စားပွဲကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း မြောက်ဘက်နား ကုလားကာပြင်မှာထား၍၊

23. စားပွဲပေါ်မှာထာဝရဘုရားရှေ့တော်၌ မုန့်ကိုပြင်ဆင်လေ၏။

24. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မီးခုံကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း၊ တောင်ဘက်နားစားပွဲဆိုင်ရာတွင်ထား၍၊

25. ထာဝရဘုရားရှေ့တော်၌ မီးခွက်များကိုထွန်းလေ၏။

26. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ရွှေပလ္လင်ကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း ကုလားကာပြင်မှာထား၍၊

27. ထိုပလ္လင်ပေါ်၌ မွှေးသောနံ့သာပေါင်းကို မီးရှို့လေ၏။

28. တဲတော်တံခါးဝ၌လည်း၊ ကုလားကာကိုဆွဲကာလေ၏။

29. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မီးရှို့ရာယဇ်ပလ္လင်ကိုလည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာထား၍၊ ထိုပလ္လင်ပေါ်၌ မီးရှို့ရာယဇ်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာကို၎င်း ပူဇော်လေ၏။

30. အင်တုံကိုလည်း ပရိသတ်စည်းဝေးရာတဲနှင့် ယဇ်ပလ္လင်စပ်ကြားမှာထား၍၊ ဆေးစရာရေကို အင်တုံ၌ထည့်လေ၏။

ထွက်​မြောက် 40