ထွက်​မြောက် 39:21-29 Judson Bible (BJB)

21. ရင်ဖုံးရွှေနှစ်ကွင်းကို၊ သင်တိုင်းရွှေနှစ်ကွင်းနှင့်တွဲ၍၊ ပြာသောကြိုးဖြင့် ပြီးစေ၏။ ထိုသို့ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ ရင်ဖုံးသည် ထူးဆန်းသောရင်စည်းအပေါ်မှာဆွဲ၍ သင်တိုင်းနှင့် မကွာဘဲ အမြဲနေလေ၏။

22. ထိုမှတပါး၊ ပြာသောအထည်ကိုရက်ပြီးမှ၊ သင်တိုင်းနှင့်ဆိုင်သော ဝတ်လုံကို ထိုအထည်နှင့်သာ လုပ်လေ၏။

23. ဝတ်လုံ၌လည်စွပ်ပါ၍ လည်စွပ်ကိုမစုတ်စေခြင်းငှာ၊ သံချပ်လည်စွပ် ကွပ်သကဲ့သို့ ကွပ်လေ၏။

24. ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့်လုပ်သော သလဲသီးများကို၎င်း၊

25. ရွှေစင်ဆည်းလည်းများကို၎င်း၊ ဝတ်လုံအောက်စွန်းနားပတ်လည်၌၊

26. သလဲသီးတလုံး၊ ဆည်းလည်းတလုံးစီခြားလျက် အစဉ်အတိုင်းဆွဲထားသဖြင့်၊ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ အမှုတော်ကို ဆောင်ရသောဝတ်လုံကို လုပ်၍ပြီးလေ၏။

27. တဖန် ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ အာရုန်နှင့် သူ၏သားတို့အဘို့ ရက်သောပိတ်ချောအင်္ကျီများကို၎င်း၊

28. ပိတ်ချောဗောင်းကို၎င်း၊ တင့်တယ်သောပိတ်ချောဦးထုပ်များကို၎င်း၊ ပိတ်ချောပေါင်းဘီများကို၎င်း၊

29. ချယ်လှယ်သောပိတ်ချော၊ အထည်ပြာ၊ အထည်မောင်း၊ အထည်နီဖြင့်ပြီးသော ခါးပန်းကို၎င်းလုပ်လေ၏။

ထွက်​မြောက် 39