ထွက်​မြောက် 39:1-21 Judson Bible (BJB)

1. သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်သောအခါ၊ ဝတ်ရသောအဝတ်ကို၎င်း၊ အာရုန်ဝတ်ဘို့ သန့်ရှင်းသောအဝတ်ကို၎င်း၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်နှင့် လုပ်လေ၏။

2. ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့် ယဇ်ပုရောဟိတ်သင်တိုင်းကို လုပ်ရာတွင်၊

3. ရွှေကိုအပြားခတ်၍ ရွှေကြိုးကိုလှီးပြီးမှ၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကို ထူးဆန်းစွာအပြောက်ထိုးလေ၏။

4. သိုင်းကြိုးနှစ်ပင်ကိုလုပ်၍ သင်တိုင်းအပေါ်နားချင်းတွဲမိစေခြင်းငှာ၊ တဘက်တချက်ကိုဆွဲချုပ်လေ၏။

5. ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ သင်တိုင်းအပေါ်နား၌ ထူးဆန်းသောရင်စည်းကိုလည်း သင်တိုင်းကိုယ်ကဲ့သို့ ရွှေနှင့်၎င်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့နှင့်၎င်း လုပ်လေ၏။

6. ရှဟံကျောက်နှစ်လုံးကိုသွေး၍ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ဣသရေလအမျိုး၏နာမတို့ကို အက္ခရာတင်ပြီးမှ၊ ရွှေကျောက်အိုး၌ ထည့်လေ၏။

7. ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့ကိုအောက်မေ့ဘို့ရာ၊ ထိုကျောက်နှစ်လုံးကို သင်တိုင်းသိုင်းကြိုးအပေါ်မှာ တပ်လေ၏။

8. ရွှေနှင့်၎င်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့်၎င်း၊ သင်တိုင်းကိုလုပ်သည်နည်းတူ၊ ရင်ဖုံးကိုထူးဆန်းစွာ လုပ်လေ၏။

9. ရင်ဖုံးနှစ်ထပ်ခေါက်လျက်၊ အလျားတထွာ၊ အနံတထွာ၊ စတုရန်းလေးထောင့်ဖြစ်၏။

10. ထိုရင်ဖုံး၌ကျောက်မြတ်ကို လေးတန်းစီလေ၏။ ပဌမအတန်းကား ကျောက်နီ၊ ဥဿဘယား၊ ပတ္တမြား။

11. ဒုတိယအတန်းကား မြ၊ နီလာ၊ စိန်။

12. တတိယအတန်းကား ဝှါကိန္သု၊ မဟူရာ၊ ဂေါမိတ်။

13. စတုတ္ထအတန်းကားမျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့ဖြစ်၍၊ အသီးအသီးတို့ကို ရွှေအိုး၌ စီလေ၏။

14. ဣသရေလအမျိုးတဆယ်နှစ်မျိုးရှိသည်အတိုင်း တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထိုကျောက်တို့၌ ထိုတဆယ်နှစ်ပါးသော နာမည်အသီးအသီးတို့ကိုတင်လျက် ကျောက်တလုံးလျှင် နာမည်တပါးစီပါ၏။

15-18. ရင်ဖုံးအပေါ်ထောင့်နှစ်ခု၌၊ ရွှေနှစ်ကွင်းကို၎င်း၊ ရွှေကျောက်အိုး နှစ်လုံးကို၎င်း ကျစ်သောရွှေကြိုးနှစ်ပင်ကို၎င်းလုပ်ပြီးမှ၊ ထိုရွှေကွင်း၌တပ်၍ သင်တိုင်းသိုင်းကြိုးအပေါ်မှာရှိသော ကျောက်အိုးတို့၌တွဲလေ၏။

19. တဖန်ရွှေနှစ်ကွင်းကိုလုပ်၍ သင်တိုင်းအောက်နားမှာရှိသော ရင်ဖုံးအောက်ထောင့်နှစ်ခု၌ တပ်လေ၏။

20. အခြားသောရွှေနှစ်ကွင်းကိုလည်းလုပ်၍ သင်တိုင်းအရှေ့ဘက်အောက်နားနှင့် ထူးဆန်းသောရင်စည်းအပေါ်နားဆက်မှီရာတွင် သင်တိုင်းကို တဘက်တချက်၌ တပ်လေ၏။

21. ရင်ဖုံးရွှေနှစ်ကွင်းကို၊ သင်တိုင်းရွှေနှစ်ကွင်းနှင့်တွဲ၍၊ ပြာသောကြိုးဖြင့် ပြီးစေ၏။ ထိုသို့ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ ရင်ဖုံးသည် ထူးဆန်းသောရင်စည်းအပေါ်မှာဆွဲ၍ သင်တိုင်းနှင့် မကွာဘဲ အမြဲနေလေ၏။

ထွက်​မြောက် 39