11. ထိုနည်းတူ မြောက်ဘက်၌ကာရန် အလျားအတောင်တရာရှိသော ကုလားကာနှင့်တကွ ငွေတံစို့၊ ငွေတန်းပါသောကြေးဝါတိုင်နှစ်ဆယ်၊ ကြေးဝါခြေစွပ်နှစ်ဆယ်ရှိ၏။
12. အနောက်ဘက်၌ကာရန် အလျားအတောင်ငါးဆယ်ရှိသော ကုလားကာနှင့်တကွ တိုင်တဆယ်၊ ခြေစွပ်တဆယ်ရှိ၏။
13. အရှေ့ဘက်၌လည်း အတောင်ငါးဆယ်ရှိ၏။
14-15. တံခါးဝတဘက်တချက်၌ကာရန် အလျားဆယ်ငါးတောင်ရှိသော ကုလားကာနှင့်တကွ တိုင်သုံးတိုင်၊ ခြေစွပ်သုံးခုရှိ၏။
16. ဝင်းပတ်လည်၌ကာသောကုလားကာရှိသမျှတို့သည် ပိတ်ချောဖြင့်ပြီး၏။
17. တိုင်တို့သည် ကြေးဝါခြေစွပ်၊ ငွေတံစို့၊ ငွေတန်းနှင့်ပြည့်စုံ၍ တိုင်ထိပ်များကိုလည်း ငွေနှင့်မွမ်းမံလေ၏။ ဝင်းတိုင်တန်းရှိသမျှတို့သည် ငွေတန်းဖြစ်၏။
18. ဝင်းတံခါးဝ၌ကာရန် ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍ ချယ်လှယ်သောကုလားကာ၊ အလျားအတောင်နှစ်ဆယ်၊ အမြင့်ငါးတောင်ရှိ၍၊ ဝင်းကာသောကုလားကာနှင့် တညီတည်းဖြစ်၏။
19. ဝင်းတံခါးဝတိုင်လေးခုရှိ၍၊ ကြေးဝါခြေစွပ်လေးခု၊ ငွေတံစို့၊ ငွေတန်းများ၊ ငွေနှင့်မွမ်းမံသောထိပ်များနှင့် ပြည့်စုံကြ၏။
20. တဲတော်တံသင်ဝင်းပတ်လည်၌ စိုက်သောတံသင်ရှိသမျှတို့သည် ကြေးဝါတံသင်ဖြစ်ကြ၏။