11. တဖန်ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊
12. ဣသရေလအမျိုးသားတို့ကို ရေတွက်၍စာရင်းယူသောအခါ၊ ဘေးလွတ်မည်အကြောင်းရှိသမျှတို့သည် အသီးအသီးမိမိအသက်ရွေးရန် အဘိုးကို ထာဝရဘုရားအားဆက်ကပ်ရမည်။
13. ရေတွက်၍ စာရင်းဝင်သောသူအပေါင်းတို့သည် အကျပ်တော်အလိုက်၊ ငွေအကျပ်တဝက်စီ ထာဝရဘုရားအားဆက်ကပ်ရမည်။ အကျပ်ကား၊ ဂေရ နှစ်ဆယ်ဖြစ်သတည်း။
14. အသက်နှစ်ဆယ်မှစ၍၊ ပိုလွန်သောသူအပေါင်းတို့သည် စာရင်းဝင်၍၊ ထိုသို့သောပူဇော်သက္ကာကို ထာဝရဘုရားအားပြုရမည်။
15. ကိုယ်အသက်ကိုရွေးခြင်းငှါ၊ ထာဝရဘုရားအား ပူဇော်သက္ကာကိုပြုသောအခါ၊ ငွေရတတ်သောသူတို့သည် မပို၊ ဆင်းရဲသောသူတို့သည်မလျှော့ဘဲ၊ လူတိုင်း အကျပ်တဝက်စီပေးရမည်။