ထွက်​မြောက် 3:1-12 Judson Bible (BJB)

1. မောရှေသည်၊ မိမိယောက္ခမ မိဒျန်ယဇ်ပုရောဟိတ်ယေသရော၏သိုးဆိတ်များကို ထိန်းစဉ်၊ တောနောက်ဘက်သို့ဆောင်သွား၍၊ ဟောရပ်အမည်ရှိသော ဘုရားသခင်၏တောင်သို့ရောက်လေ၏။

2. ထိုအခါ ဘုရားသခင်၏ကောင်းကင်တမန်သည် ချုံထဲကထွက်သော မီးလျှံ၌ထင်ရှား၏။ မောရှေသည်ကြည့်သောအခါ၊ မီးလောင်၍ ချုံမကျွမ်းဘဲရှိသည်ကို မြင်လျှင်၊

3. အဘယ်ကြောင့်ချုံမကျွမ်းဘဲရှိသနည်း။ ဤထူးဆန်းသောရူပါရုံကို ငါသွား၍ကြည့်ရှုမည်ဟုဆို၏။

4. မောရှေသွား၍ကြည့်ရှုကြောင်းကို ထာဝရဘုရားမြင်တော်မူလျှင်၊ မောရှေ၊ မောရှေဟု ချုံထဲကခေါ်တော်မူ၏။ မောရှေကလည်း၊ အကျွန်ုပ်ရှိပါ၏ဟု လျှောက်လေ၏။

5. ဘုရားသခင်ကလည်း၊ မချဉ်းနှင့်။ သင်၏ခြေနင်းကိုချွတ်လော့။ သင်နင်းသော အရပ်ကား သန့်ရှင်းသောမြေဖြစ်သည်ဟူ၍၎င်း၊

6. ငါသည်သင့်အဘ၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်ဟူ၍၎င်း မိန့်တော်မူ၏။ မောရှသည် ဘုရားသခင်ကိုမကြည့်ဝံ့၊ မိမိမျက်နှာကိုဖုံးလျက်နေ၏။

7. ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်၌ရှိသောငါ၏လူတို့ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ကိုစေခိုင်းသောသခင်တို့ကြောင့် သူတို့မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့နာကြည်းခြင်းဝေဒနာကို ငါသိ၏။

8. သူတို့ကိုအဲဂုတ္တုပြည်၊ အဲဂုတ္တုလူတို့လက်မှကယ်နှုတ်၍၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာ၊ နို့နှင့်ပျားရည်စီးတတ်သော ပြည်သို့ပို့ဆောင်ခြင်းငှါ ငါဆင်းလာပြီ။

9. ယခုတွင်လည်း ဣသရေလအမျိုးသားတို့ငိုကြွေးသောအသံသည် ငါ့ထံသို့ တက်ရောက်၍၊ သူတို့ကို အဲဂုတ္တုလူတို့သည်ညှဉ်းဆဲခြင်းအမှုကိုလည်း ငါမြင်ရပြီ။

10. ထိုကြောင့် ယခုသွားလော့။ သင်သည် ငါ၏လူဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်မည်အကြောင်း၊ သင့်ကိုဖာရောဘုရင်ထံသို့ ငါစေလွှတ်မည်ဟု မိန့်တော်မူ၏။

11. မောရှေကလည်း၊ အကျွန်ုပ်သည်အဘယ်သို့သောသူဖြစ်၍၊ ဖာရောဘုရင်ထံသို့ ဝင်သဖြင့်၊ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်ရပါမည်နည်းဟု ဘုရားသခင်အားလျှောက်လျှင်၊

12. ဘုရားသခင်က၊ အကယ်စင်စစ်ငါသည် သင့်ဘက်၌ရှိလိမ့်မည်။ ငါသည် သင့်ကိုစေလွှတ်ခြင်းလက္ခဏာသက်သေဟူမူကား၊ သင်သည်ထိုလူတို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်ပြီးလျှင်၊ ဤတောင်ပေါ်မှာ ဘုရားသခင်အား ဝတ်ပြုရကြလိမ့်မည်ဟု မိန့်တော်မူ၏။

ထွက်​မြောက် 3