9. တဲတော်ဝင်းကာရန်မူကား၊ အလျားအတောင်တရာရှိသော ပိတ်ချောနှင့် တောင်ဘက်၌ ကုလားကာကိုလုပ်ရမည်။
10. ထိုကုလားကာဘို့တိုင်နှစ်ဆယ်၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ်၍ တိုင်တံစို့၊ တိုင်တန်းတို့ကို ငွေဖြင့်ပြီးစေရမည်။
11. ထိုနည်းတူ၊ မြောက်ဘက်၌ကာရန် အလျားအတောင်တရာရှိသော ကုလားကာနှင့်တကွ ငွေတံစို့၊ ငွေတန်းပါသောကြေးဝါတိုင်နှစ်ဆယ်၊ ကြေးဝါခြေစွပ်နှစ်ဆယ်ရှိရမည်။
12. ဝင်းအနောက်ဘက်အနံ၌ကာရန်၊ အလျားအတောင်ငါးဆယ်ရှိသော ကုလားကာနှင့်တကွ တိုင်တဆယ်၊ ခြေစွပ်တဆယ်ရှိရမည်။
13. ဝင်းအရှေ့ဘက်၌လည်း အနံအတောင်ငါးဆယ်ရှိရမည်။
14. တံခါးဝတဘက်တချက်၌ ကာရန်၊ အလျားဆယ်ငါးတောင်ရှိသော ကုလားကာနှင့်တကွ တိုင်သုံးတိုင်၊
15. ခြေစွပ်သုံးခုရှိရမည်။
16. ဝင်းတံခါးဝ၌ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ချယ်လှယ်သောကုလားကာအတောင်နှစ်ဆယ်နှင့်တကွ တိုင်လေးတိုင် ခြေစွပ်လေးခုရှိရမည်။
17. ဝင်းပတ်လည်၌တိုင်ရှိသမျှတို့သည် ငွေတံစို့၊ ငွေတန်း၊ ကြေးဝါခြေစွပ်နှင့် ပြည့်စုံရမည်။
18. ဝင်းသည် အလျားအတောင်တရာ၊ အနံငါးဆယ်၊ အမြင့်ငါးတောင်ရှိ၍၊ ပိတ်ချောနှင့် ကြေးဝါခြေစွပ်ဖြင့်ပြီးရမည်။
19. အမှုတော်ထမ်းဘို့ တဲတော်အသုံးအဆောင်ရှိသမျှကို၎င်း၊ တဲတော်တံသင်၊ ဝင်းနှင့်ဆိုင်သောတံသင်ရှိသမျှကို၎င်း ကြေးဝါနှင့်လုပ်ရမည်။
20. ပရိသတ်စည်းဝေးရာတဲတော်တွင်၊ သက်သေခံချက်ထားရာအရပ်ကို ကာသော ကုလားကာပြင်မှာ၊ မီးခုံ၌ အစဉ်မပြတ်မီးထွန်းစရာဘို့၊ သံလွင်သီးကို ထောင်း၍ယူသော သံလွင်ဆီစစ်ကို၊ ဣသရေလအမျိုးသားတို့သည် ဆောင်ခဲ့ရကြမည်အကြောင်း ဆင့်ဆိုလော့။